သင့်လျော်သည့် ကမ်းလှမ်းမှုရှိပါက ထွက်ခွာခွင့်ပေးရန် စီရော်နယ်ဒိုတောင်းဆို

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ သူ့အတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှုရှိလာမယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
အသက် ၃၇ နှစ်ရှိ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ လာမယ့်ရာသီမှာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရရှိမှာမဟုတ်တာကြောင့် သင့်လျော်တဲ့ ကမ်းလှမ်းမှုရှိလာရင် အသင်းပြောင်းရွှေ့ဖို့ စီစဉ်ထားတာပါ။
ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ဟာလည်း ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးနဲ့ နာပိုလီအသင်းတွေနဲ့ ဆွေးနွေးထားခဲ့တယ်လို့သိရပါတယ်။
ရော်နယ်ဒိုအနေနဲ့ နောက်ထပ် ၃ နှစ်လောက် ထိပ်တန်းအဆင့် ခြေစွမ်းပြသနိုင်ဦးမယ်လို့ ယုံကြည်နေပြီး အဓိကဆုဖလားတွေရယူနိုင်ဖို့လည်း ဆန္ဒရှိနေတာပါ။
ဒါပေမဲ့ မန်ယူအသင်းမှာဆက်ကစားမယ်ဆိုရင် ဆုဖလားတွေရရှိဖို့ အခွင့်အရေးနည်းပါးတာကြောင့် ထိပ်တန်းအသင်းတစ်သင်းစီကိုပြောင်းရွှေ့လိုနေတာပါ။
ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၂၄ ဂိုးနဲ့ အသင်းရဲ့ ဂိုးအများဆုံးသွင်းယူသူဖြစ်ခဲ့တဲ့ စီရော်နယ်ဒိုကို နည်ပြတန်ဟတ်ဂ်ဘက်ကတော့ဆက်ထိန်းထားဖို့ စီစဉ်ထားပါတယ်။
ရော်နယ်ဒိုကိုခေါ်ယူဖို့ ချဲလ်အသင်းပိုင်ရှင် ဘိုလီကိုယ်တိုင် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။