ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရပြီး ကွယ်လွန်

သေနတ်သမားရဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်သွားပြီလို့ NHK ဂျပန်ရုပ်သံက အတည်ပြု ကြေညာသွားပါတယ်။
အသက် ၆၇ နှစ်အရွယ် ရှင်ဇိုအာဘေးဟာ ဇူလိုင် ၈ ရက် ဒီနေ့မနက် ၁၁ နာရီခွဲလောက်က နိုင်ငံအနောက်ပိုင်း နာရာမြို့ရှိ ရထားဘူတာရုံတခုအနီးမှာ မဲဆွယ်စည်းရုံးရေးမိန့်ခွန်း ပြောနေချိန်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။
အခြေအနေ ဆိုးရွားတာကြောင့် ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရပြီး အစောပိုင်းက သတင်းစာရှင်းလင်းပွဲတခုမှာ လက်ရှိဂျပန်ဝန်ကြီးချုပ် ဖူမီအိုခီရှိဒက အာဘေးရဲ့ အခြေအနေကို အတည်ပြုခဲ့ပြီး ဆရာဝန်တွေက သူ့ကိုကယ်တင်ဖို့ ကြိုးစားလုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။
သူ့ရဲ့အသက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ ဒီကနေ့ညနေ ၅ နာရီ ၃ မိနစ်မှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း ဆေးရုံက ဆရာဝန်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Nikkei Asia ဂျပန်သတင်းမှာ ရေးပါတယ်။
အာဘေးဟာ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ် တာဝန်ထမ်းဆောင်ဖူးပါတယ်။
ရှင်ဇိုအာဘေးကို ပစ်ခတ်သူဟာ အသက် ၄၁ နှစ်အရွယ် အမျိုးသား ယာမဂါမိ တက်ဆုယ ဖြစ်ပြီး သူ့ကို လတ်တလောမှာ လူသတ်ဖို့ကြိုးစားမှုနဲ့ ဖမ်းဆီးထားပါတယ်။ သူဟာ ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်မှာ ၂၀၀၅ ခုနှစ်အထိ ၃ နှစ်ကြာ အလုပ်လုပ်ခဲ့တယ်လို့ ကာကွယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။