ထိုင်းတွင် ကိုဗစ်-၁၉ အရေးပေါ်အခြေအနေ ၂ လထပ်မံတိုးမြှင့်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိရောက်စွာ ထိန်းချုပ်နိုင်ရေးနဲ့ ပြည်သူတွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ အရေးပေါ်အခြေအနေကာလကို လာမယ့် စက်တင်ဘာလကုန်ထိ ၂ လထပ်မံပြီးတော့ တိုးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာ ပါဝင်တဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်ရေးစင်တာ (စီစီအက်စ်အေ) ရဲ့ ဇူလိုင် ၈ ရက် ဒီကနေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ခုလိုထုတ်ပြန်လိုက်တာပါ။
စီစီအက်စ်အေ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီဆစ်လ်ပ် ဗီဆနူရိုသင်ကတော့ အရေးပေါ်ကာလကို ဩဂုတ် ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိ တိုးမြှင့်သွားမယ်လို့ ပြောပြီး ဒါဟာ ထိုင်းနိုင်ငံမှာ ၁၉ ကြိမ်မြောက် အရေး ပေါ်အခြေအနေ တိုးမြှင့်ထုတ်ပြန်တာ ဖြစ်ပါတယ်။
“ခုလိုအရေးပေါ်အခြေအနေ ထပ်မံတိုးမြှင့်လိုက်တာက ရောဂါကူးစက်မှုထိန်းချုပ်ကာကွယ်နိုင်ဖို့နဲ့ ပြည်သူ့အသက်တွေကို ကာကွယ်ဖို့ ဖြစ်ပြီး တခြားရည်ရွယ်ချက် မရှိပါဘူး။ ထိုင်းအစိုးရက လူထုရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ကန့်သတ်ချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး” လို့ ဒေါက်တာ ထဝီဆစ်လ်ပ်က ပြောပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကိုဗစ်-၁၉ ကူးစက်မှု စတင်ချိန်ကတည်းက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ ဒသမ ၅၄ သန်းကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ၂ ဒသမ ၃၁ သန်းကျော်ကတော့ အခု နှစ်ထဲမှာ ကူးစက်ခံရသူတွေဖြစ်ကာ လတ်တလောအချိန်ထိ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်း ၄ ဒသမ ၄၈ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူအရေအတွက် စုစုပေါင်းကတော့ ၃၀,၇၉၈ ယောက် ရှိလာခဲ့ပြီး အဲဒီထဲမှာ အယောက် ၉,၁၀၀ ကတော့ အခုနှစ်အတွင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာတော့ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး နိုင်ငံတကာလေဆိပ်တွေမှာ Test & Go စနစ်ကို လည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်တာပါ။
ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ မေလထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ၂ နှစ်ကျော်ကာလ နှာခေါင်းစည်းကို လူတိုင်းအပြင်ထွက်တိုင်း မပျက်မကွက် တပ်ဆင်နေရတာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကစ ကိုယ့်သဘောနဲ့ကိုယ် ဖြုတ်လိုဖြုတ်တပ်လိုက တပ်ဆင်နိုင်ကြောင်း ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။