close

ရှင်ဇိုအာဘေးလုပ်ကြံခံရမှုအတွက် ဝမ်းနည်းကြောင်း မြန်မာပြည်သူများကိုယ်စား NUG ဝန်ကြီးပြော

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် ဝမ်းနည်းတဲ့အကြောင်း မြန်မာပြည်သူတွေကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က  ရှင်ဇိုအာဘေးရဲ့ မိသားစုနဲ့ ဂျပန်ပြည်သူတွေထံ သတင်းစကားပါးလိုက်ပါတယ်။ 

မြန်မာနိုင်ငံအပေါ် ရှင်ဇိုအားဘေးရဲ့ ကူညီထောက်ပံ့ ကျေးဇူးပြုခဲ့တာတွေအတွက် မြန်မာပြည်သူတွေက ဘယ်တော့မှမမေ့မှာမဟုတ်ကြောင်းနဲ့ အခုလို ဝမ်းနည်းကြေကွဲစရာကောင်း တခဲ့အချိန်အခါမှာ ဂျပန်ပြည်သူတွေနဲ့အတူ မြန်မာပြည်သူတွေဟာလည်း သွေးစည်းညီညွတ်စွာ အတူရပ်တည်တဲ့ အကြောင်း NUG ဝန်ကြီးဒေါ်ဇင်မာအောင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့   ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စောဘလှသိန်းကလည်း ရှင်ဇိုအာဘေးကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ဂျပန်ရောက်မြန်မာပြည်သူတွေအနေနဲ့ အလွန်အမင်းဝမ်းနည်းကြေကွဲရတဲ့ အကြောင်း မိသားစုနဲ့ ဂျပန်ပြည်သူတွေထံက  စာရေးသားထားပါတယ်။

ခက်ခဲတဲ့အချိန်ကာလမှာ ရှင်ဇိုအာဘေးရဲ့ ဂျပန်နိုင်ငံကို ဦးဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး လှိုက်လှိုက်လှဲလှဲလေးစားတဲ့အကြောင်း၊ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့စဉ် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်  ပါဝင်ဆောင်ရွက်ခဲ့တာတွေအတွက် မြန်မာပြည်သူတွေက အမြဲအမှတ်ရနေမှာဖြစ်တယ်လို့လည်း  စောဘလှသိန်းကလည်း ရေးသားထားပါတယ်။

ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် သက်တမ်း ၂ နှစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း အာဘေးဟာ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရလက်ထက် မြန်မာပြည် အပြောင်းအလဲတွေကို ကျေးဇူးပြုခဲ့သူဖြစ်တယ်လို့ အန်ယူဂျီ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမိုးဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အသက် ၆၇ နှစ်အရွယ် ရှင်ဇိုအာဘေးဟာ ဇူလိုင် ၈ ရက် မနက် ၁၁ နာရီခွဲလောက်က နိုင်ငံအနောက်ပိုင်း နာရာမြို့ရှိ ရထားဘူတာရုံတခုအနီးမှာ မဲဆွယ်စည်းရုံးရေးမိန့်ခွန်း ပြောနေချိန်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်ဟောင်းတွေက ဝမ်းနည်းကြောင်း အသီးသီး ထုတ်ပြန်ပြောဆိုနေကြပါတယ်။

Photo-Credit

//
Up