close

တမူးမြို့တွင် ဒေသခံအမျိုးသမီး ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စော်ဘွားရပ်ကွက်မှာ ဇူလိုင် ၉ ရက်က ဒေသခံအမျိုးသမီးတယောက်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ မဝင်းဝင်း‌အေးဟာ  PDF နဲ့ ဆက်နွှယ်တယ်လို့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့တာဖြစ်ပြီး သူနဲ့အတူ အိုက်ကွန်အထိုင်စက် ၁ လုံး၊ စကား​ပြောစက်၂၁ လုံး၊ ခလုတ်ဖုန်း ၁၀ လုံး ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။

စော်ဘွားရပ်ကွက်နေ ဖမ်းဆီးခံရသူ မဝင်းဝင်းအေးနဲ့ပတ်သက်ပြီး တမူးမြို့ခံတစ်ဦးက "အဲ့ဒီစော်ဘွားရပ်ကွက်က ပျူစောထီးတွေကြီးစိုးတဲ့ရပ်ကွက်ပါ၊ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေလည်းရှိတယ်၊ အရင်ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအများစုကို သူတို့က အကြောင်းမရှိအကြောင်းရှာ အမြဲဖမ်းဆီးနေကြတာ"လို့ ပြောပါတယ်။

လတ်တလောမှာ တမူးမြို့မှာ  စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ စစ်ကောင်စီတပ်သားတွေနဲ့  ကင်းကင်းရှင်းရှင်းနေကြဖို့  တမူးPDF က အသိပေးထားပါတယ်။

//
Up