ရုရှားစစ်တပ်ပစ်လိုက်သည့် အမြောက်ထိမှန်ပြီး ယူကရိန်းစာသင်ကျောင်း ပျက်စီး

ယူကရိန်းနိုင်ငံ ဒွန်းဘက်စ်ဒေသမှာ ဇူလိုင် ၁၃ ရက်က ရုရှားစစ်တပ်ဘက်က ပစ်လိုက်တဲ့ အမြောက်ထိမှန်ပြီး စာသင်ကျောင်းတကျောင်း ပျက်စီးသွားပါတယ်။
ကော့စတိန်းတီနက်ဗ်ကာမြို့မှာရှိတဲ့ စာသင်ကျောင်းပျက်စီးသွားပြီး အသေအပျောက် စာရင်းကိုတော့ မသိရသေးပါဘူး။
အသက် ၁၅ နှစ်အရွယ် ကျောင်းသူ ဒါရီယာက “လောလောဆယ်မှာ အဝေးသင်စနစ်နဲ့ ပညာသင်ကြားနေရပြီး စစ်ကြီးမြန်မြန်ပြီးမှ ကျောင်းပြန်တက်ခွင့်ရမယ်။ လက်ရှိ အခြေအနေကတော့ ဘာမှ မျှော်လင့်ချက်မရှိဘူး” လို့ ပြောပါတယ်။
ရုရှားဘက်ကတော့ ယူကရိန်းမှာတိုက်နေတဲ့ စစ်ပွဲကို အထူးစစ်ဆင်ရေးလို့ သုံးနှုန်းပြီး အရပ်သားတွေကို ပစ်မှတ်ထားတာ မရှိဘူးလို့ ပြောလေ့ရှိပါတယ်။
ဒွန်းဘက်စ်ဒေသဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက လူ့ဟန်စ်ခ်နဲ့ ဒွန်းနက်စ်ဒေသ နှစ်ခုပေါင်းကို ခေါ်တာပါ။ ဒီဒေသမှာ စက်မှုလက်မှုလုပ်ငန်းတွေရှိပြီး ဥရောပမှာ အကြီးဆုံး စစ်မြေပြင် ဖြစ်နေတာ မျိုးဆက်နဲ့ချီ ကြာနေပါပြီ။
ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ တစိတ်တပိုင်း စိုးမိုးထားတဲ့ ဒွန်းဘက်စ်ဒေသကြီးကို ရုရှားက အပြီးတိုင်သိမ်းပိုက်ဖို့ လိုလားနေပါတယ်။