ထိုင်းတွင် တရားမဝင်မြန်မာလုပ်သားများတင်လာသည့် ကား ၁ စီး ယာဉ်တိုက်မှုဖြစ်ပြီး ၃ ဦးသေဆုံး ၁၃ ဦး ဒဏ်ရာရ

ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်၊ ထာ့ချဲ့မြို့နယ်ထဲမှာ ဇူလိုင် ၁၅ ရက် ညက တရားမဝင်မြန်မာအလုပ်သမားတွေတင်ဆောင်လာတဲ့ ကား တစီး ၆ ဘီးကားနဲ့ တိုက်မိပြီး ၃ ဦး သေဆုံး ၁၃ ဦး ဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မနေ့ည ၁၀ နာရီ ၁၀ မိနစ်လောက်က ထာ့ချဲ့မြို့နယ် ထာ့ခမ့်ရပ်ကွက် ဖစ်ကဆိမ်လမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွါးကြောင်း အကြောင်းကြားလာတဲ့အတွက် လူနာတင်ယာဉ် ကယ်ဆယ်ရေးကားတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အခင်းဖြစ်တဲ့နေရာမှာတော့ လမ်းဘေးကိုထိုးကျသွားတဲ့ဟိုင်းလပ်ကား ၁ စီး နဲ့ ကားရှေ့ခေါင်း ပျက်စီးနေတဲ့ အီဇူးစူး ၆ ဘီးကားကို တွေ့ကာ အနီးနားမှာလည်း ဒဏ်ရာရသူတွေ ပြန့်ကြဲနေတယ်လို့ ထာ့ချဲ့နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ် ။
လမ်းဘေးထိုးကျသွားတဲ့ ဟိုင်းလပ်စ်ကားထဲမှာလည်း လူတွေပိတ်မိနေပြီး ကယ်ဆယ်ရေးအဖွဲ့က ဆွဲထုတ်ရာမှာ သေဆုံးသူ ၃ ဦးပါတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူမှာ စုစုပေါင်း ၁၃ ဦးရှိကြောင်း ၊ သူတို့အားလုံးကို ထာ့ချန့်ဆေးရုံနဲ့ ချွန်းဖွန်းဆေးရုံဆီ ပို့ထားတယ်လို့ ရဲကပြောပါတယ် ။
သေဆုံးသူ ၃ ဦးမှာ ၁ ဦးက ရနောင်းက ထိုင်းလူမျိုးကားမောင်းသမားဖြစ်ကြောင်း ၊ ကျန်တဲ့ ၂ ဦးနဲ့ ဒဏ်ရာရ ၁၃ ဦးကတော့ တရားမဝင် မြန်မာအလုပ်သမားတွေဖြစ်ကာ ရနောင်းဘက်ကနေ ဝင် လာကြတာလို့ ဆိုပါတယ်။
၆ ဘီးကားဒရိုင်ဘာ ပြောပြချက်အရ သူဟာ ဆုန်ခလာခရိုင် ဟတ်ယိုင်ဘက်ကို ပရိဘောဂတွေ သွားပို့ပေးပြီး ဘန်ကောက်သို့အပြန် အခင်းဖြစ်တဲ့နေရာမှာ ဟိုင်းလပ်စ်ကားက လမ်းကြားထဲကနေ ရုတ်တရက်ထွက်လာပြီး သူ့ရှေ့ကဖြတ်မောင်းတဲ့အတွက် ရုတ်တရက်ဘရိတ်အုပ်လို့မရတော့ဘဲ အရှိန်ပြင်းစွာတိုက်မိသွားတာလို့ ပြောသွားပါတယ်။