ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးအား အေအေက ထိန်းသိမ်းစစ်ဆေးနေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးလှရွှေအား ဇူလိုင် ၁၇ ရက်နေ့ ညနေ ၃ နာရီကျော်လောက် ရက္ခိုင်တပ်တော် (အေအေ) က စစ်ဆေးဖို့ ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက အတည်ပြုပြောကြားပါတယ်။
“ဟုတ်ပါတယ်။ ဖမ်းဆီးတာမဟုတ်ပါဘူး။ စစ်ဆေးစရာရှိလို့ ခေါ်သွားတာပါ။ အားလုံး ဖုန်းအဆက်အသွယ်တွေရပါတယ်။ စစ်ဆေးမေးမြန်မူတွေပြီးရင် ပြန်လွှတ်ပေးမယ်လို့ အေအေ ဘက်က ပြောဆိုထားတယ်” လို့ မိသားစုဝင်တဦးက ပြောပါတယ်။
ဦးလှရွှေမှာ ၂၀၂၀ ပြည့်နှစ်က ဘူးသီးတောင်မြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်မှ ကော့သောင်းမြို့ကို ပြောင်းရွှေ့သွားခဲ့ပြီး၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်ကစပြီး ပြည်ထဲ ရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် အသစ်တာဝန်ကျလာသူတဦးဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့ပြီးနောက် စစ်တပ်က မြို့ပေါ်က အရပ်သား ၂၀ ထက်မနည်း ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ တချို့ကိုတော့ တရားစွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်က ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၁ ရက်နေ့က မြောက်ဦးမြို့မှ စရဖ တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၂ ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဇွန် ၂၃ ရက်နေ့က စစ်ကောင်စီတပ်သာ ၂ ဦးအား ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါဖြစ်စဉ်တွေမှာလည်း စစ်ကောင်စီက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့မှ အရပ်သား ၄၅ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး မြို့နယ်အသီးသီးက ရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။