close

တနင်္သာရီတိုင်း၌ ဇူလိုင်လအတွင်း စစ်ကောင်စီက နေအိမ် ၁၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီးမှာ ဇူလိုင်လအတွင်း စစ်ကောင်စီက ပြည်သူ့နေအိမ် ၁၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးချိန်နဲ့ ပြန်လည်ဆုတ်ခွာချိန်တွေမှာ ဒေသခံနေအိမ်တံခါးတွေကို ဖျက်ဆီးဝင်ရောက်ပြီး ပြည်သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ယူဆောင်ကာ နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

“လူ့အခြေခံဖြစ်တဲ့ စားဝတ်နေရေးမှာ အိမ်ဆိုတာ အခြေခံအကျဆုံးပဲ။ အိမ်က မိသားစုဘဝ ရပ်တည်ဖို့ အရေးပါဆုံးပဲ။ အိမ်တဆောင်ရဲ့တန်ဖိုးကို သူတို့မသိကြဘူးလေ။ အိမ်နဲ့မှ မနေဘူးကြတာ။ အိမ်တန်ဖိုးဘယ်သိမလဲ” လို့ အိမ်မီးရှို့ခံခဲ့ရသူ အသက် ၄၀ ကျော် အမျိုးသားတဦးက ပြောပါတယ်။

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် အလယ်စုရွာမှာ အိမ် ၅ လုံး၊ ပုလောမြို့နယ် ဂျင့်ဂါရွာမှ အိမ် ၂ လုံး၊ ထားဝယ်မြို့နယ် သင်္ကန်းတုန်းရွာမှာ အိမ် ၂ လုံး၊ ဘဝပင်ရွာမှာ တဲအိမ် ၁ လုံးနဲ့ ရေဖြူမြို့နယ် ခမောင်းချောင်းရွာမှာ တဲအိမ် ၄ လုံးတို့ မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

ဖော်ပြထားတဲ့စာရင်းက မီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေကို လက်လှမ်းမီသလောက် စုစည်းထားတာသာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုမိုများနိုင်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လက တနင်္သာရီတိုင်းဒေသကြီးမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့နေအိမ်နဲ့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် နေအိမ်စုစုပေါင်း ၂၀ ဝန်းကျင်ရှိခဲ့တယ်လို့ The Tanintharyi Time သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

ISPMyanmar ရဲ့ ဇူလိုင် ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဇူလိုင် ၁၅ ရက် ၂၀၂၂ အထိ တနင်္သာရီတိုင်းဒေသကြီးမှာ နေအိမ်နဲ့အဆောက်အအုံ စုစုပေါင်း ၉၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

//
Up