သီရိလင်္ကာတွင် ဖမ်းဆီးခံ ဒီမိုကရေစီခေါင်းဆောင်များကို ပြန်လွှတ်ပေးရန် တောင်းဆို

သီရီလင်္ကာနိုင်ငံမှာ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြသမားတွေဟာ ကိုလံဘိုမြို့နားက နူဂီဂိုရာမြို့မှာ ဩဂုတ် ၆ ရက် ချီတက်ကြပြီး ဖမ်းဆီးခံထားရတဲ့ သူတို့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။
သီရိလင်္ကာအစိုးရက ကြေညာထားတဲ့ အရေးပေါ်အခြေအနေကိုလည်း ရုပ်သိမ်းပေးဖို့ကိုလည်း တောင်းဆိုကြပါတယ်။
နယူးယော့ခ်တိုင်း သတင်းအရ ဒီရက်တွေအတွင်း ဆန္ဒပြခေါင်းဆောင် တော်တော်များများ အဖမ်းခံလိုက်ရသလို တချို့ကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အဆိုအရ သီရိလင်္ကာအစိုးရဟာ အရေးပေါ် အမိန့်ကို အသုံးချပြီး အတိုက်အခံတွေကို တရားလက်လွတ် ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
ဆန္ဒပြသမားတွေဟာ နူဂီဂိုရာမြို့မှာ ချီတက် ဆန္ဒပြစဉ်မှာ ဝစ်ကရင်မာဆင်ဂီ အစိုးရဟာ ဒီမိုကရေစီ အခွင့်အရေးတွေကို ဖျက်ဆီးနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
သမ္မတဟောင်း ရာဂျာပက်ဆာနဲ့နီးစပ်တဲ့ ဝစ်ကရင်မာဆင်းဂ်ကို ဇူလိုင် ၂၀ ရက်က လွှတ်တော်အမတ်တွေက သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ထားတာပါ။
သမ္မတ ဝစ်ကရင်မာဆင်းဂ်ဟာ သီရိလင်္ကာ ဝန်ကြီးချုပ်အဖြစ် အရင်က ၆ ကြိမ် တာဝန်ထမ်း ဆောင်ခဲ့ဖူးပြီး အခု သူ သမ္မတအဖြစ် တာဝန်ယူတဲ့အချိန်မှာ နိုင်ငံမှာ စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ ဆေးဝါး ပြတ်လပ်ပြီး အထွေထွေပျက်ကပ် ဆိုက်နေချိန် ဖြစ်ပါတယ်။
သမ္မတသစ်ရဲ့ အစိုးရလုပ်ငန်း အတွေ့အကြုံ ရင့်ကျက်မှုကိုကြည့်ပြီး သူဟာ နိုင်ငံကို နိုင်ငံရေးအကျပ်အတည်းကနေ ဆွဲထုတ်နိုင်မယ်လို့ တချို့ကလည်း မျှော်လင့်နေ ကြပါတယ်။