စစ်ကိုင်းတိုင်းနှင့် ကချင်နယ်စပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများ သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ဆယ်မိုင်ကုန်းနဲ့ ကချင်ပြည်နယ်၊ မော်လူး-အင်းတော်ကြားမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA၊KPDF ပူးပေါင်းတပ်ဖွဲ့တွေ ဩဂုတ် ၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “အင်းတော် ဆယ်မိုင်ကုန်းမှာ ပွဲက သွားတယ်။ ကသာ KPDF တွေနဲ့ စကစတွေဖြစ်တာ။ ပြီးတော့ မော်လူးအထက် နန့်စီးအောင်ကြားမှာလည်း ပွဲတစ်ပွဲ ကသွားတယ်”လို့ ပြောပါတယ်။
ဆယ်မိုင်ကုန်း တိုက်ပွဲအခြေအနေကို အသိအကျမသိရသေးပေမဲ့ မော်လူးနဲ့အင်းတော်ကြားက တိုက်ပွဲမှာတော့ သံလမ်းအတိုင်း အဖွဲ့နှစ်ဖွဲ့ခွဲပြီး တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကို KIAနဲ့KPDFပူးပေါင်းတပ်ဖွဲ့က မိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution-IR က ထုတ်ပြန်ပါတယ်။
Indaw Revolation - IR မှ တာဝန်ရှိသူတစ်ဦးက "သူတို့ (စစ်ကောင်စီတပ်ဖွဲ့ ) က ရှေ့ပြေးနဲ့ နောက်ကျန် နှစ်ဖွဲ့ခွဲပြီး တက်လာတာ။ အဲ့ဒီမှာ ဆင်ထားတဲ့ ပွိုင့်ထဲ ရောက်လာလို့ တန်းပြီးဖောက်ခွဲလိုက်တာ သုံးယောက်က ပွဲချင်းပြီးသေတယ်။ နောက်ပြီး ဒဏ်ရာအပြင်းအထန်ရလို့ ပြန်သယ်သွားကြတာတွေလည်းများတယ်။ မိုင်းဆွဲခံရပြီး ရမ်းပစ်တာတွေရှိပေမယ့် ကျနော်တို့ တပ်ဖွဲ့တွေအားလုံး အထိခိုက်မရှိခဲ့ပါဘူး " လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးယောက် လည်ပင်းနဲ့ခေါင်းတွေ ထိမှန်သေဆုံးပြီး အများအပြားလည်း သေဆုံးနိုင်တဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ လည်း ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်ဖွဲ့က ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးငယ်နဲ့ ရမ်းပစ်ခတ်တာတွေရှိခဲ့တာကြောင့် အနီးနားက ကျေးရွာပြည်သူတွေတိမ်းရှောင်ခဲ့ရပါတယ်။
မိုင်းထိမှန် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကိုတော့ မိုးညှင်းမြို့ဘက် သယ်ဆောင်သွားကြပြီး ဒဏ်ရာရတဲ့သူတွေကတော့ နန့်စီအောင်မှာ ဆေးကုသနေတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ Indaw Revolation - IR တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆယ်မိုင်ကုန်းမှာဖြစ်တဲ့ တိုက်ပွဲဟာ ရပ်ရွာတွေနဲ့ ဝေးတာကြောင့် ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်ရတာ မရှိပေမဲ့ မော်လူးနဲ့ နန့်စီအောင်ကြားမှာဖြစ်တဲ့ တိုက်ပွဲမှာတော့ ကျေးရွာတွေနဲ့ နီးတာကြောင့် အနီးအနားက ပြည်သူတွေတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ရှိအချိန် ကသာမြို့နယ်နဲ့ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စစ်ရေး လှုပ်ရှားသွားလာတာ၊ နယ်မြေရှင်းလင်းရေးလုပ်တာတွေဟာ တာဝန်အရသာ သွားလာနေတာတွေ တွေ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။
ဩဂုတ် ၃ ရက်ကလည်း နန့်စီးအောင်ဂိတ်မှာ ဗန်းမော်မြို့နယ်ထဲက လူငယ်နှစ်ယောက်ကို PDFလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ကလည်း အင်းတော် - ဗန်မောက်လမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ဒေသခံ PDF တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီအဖွဲ့စစ်ကြောင်းဟာ မံဟဲ ၊ နီပလ္လင် ၊ ဟောင်တုံစတဲ့ ကျေးရွာတွေက ပြည်သူ ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး နန့်စီအောင်ရွာကိုရောက်ချိန် ပြန်လွှတ်ပေးလိုက်တယ်ဘို့ IR အဖွဲ့ထံမှ သိရပါတယ် ။
စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့နယ်အတွင်း ဇူလိုင်နောက်ဆုံးပတ်ကစပြီး နေ့စဥ်တိုက်ပွဲတွေ ဖြစ်ပွားနေကာ စစ်ကောင်စီဘက်က တပ်အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ်မှာလည်း နတ်ရေကန်နဲ့ ရွှေပိုးစာရွာကြားမှာ စစ်ကောင်စီတပ်သားတွေပါတဲ့ အိမ်စီးကားတစီးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဩဂုတ် ၅ ရက် မွန်းတည့် ၁၂ နာရီကျော်လောက် မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သြဂုတ် ၆ ရက်က ထုတ်ပြန် ပါတယ်။
မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သတင်းပြန်ကြားရေးမှ တာဝန်ခံ ဗိုလ်တောက်ထွန်းက “သတင်းအတိအကျရတယ်။ စခ ၈ ကောင်ပါတဲ့ကား ပဒေသာမိုင်းကို အဝေးထိန်းနဲ့ခွဲတာဆိုတော့ ကျနော်တို့ဘက်က ထိခိုက်မှု မရှိဘူး” လို့ ပြောပါတယ်။
တိုက်ခိုက်မှုကို ဗိုလ်တောက်ထွန်း(MBTT) အထူးတပ်ဖွဲ့၊ မြောင်မြို့နယ် ပကဖ၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညို၊ CRA တပ်ခွဲ 2 တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ လို့ ဆိုပါတယ်။