ဆေးခြောက်လာရှူသည့် ခရီးသွားများကို မကြိုဆိုဟု ထိုင်းကျန်းမာရေးဝန်ကြီးပြော

ဆေးခြောက်ရှူဖို့ သက်သက်အတွက် ထိုင်းနိုင်ငံဆီလာရောက်လည်ပတ်မယ့် ကမ္ဘာလှည့်ခရီးသည်တွေကို မကြိုဆိုဘူးလို့ ထိုင်းကျန်းမာရေးဝန်ကြီး အာနုတင် ချာန်ဝီရာကူးက ပြောလိုက်ပါတယ်။
နိုင်ငံခြားသားခရီးသွားတွေကြားမှာ ဆေးခြောက်ကို အပန်းဖြေဖို့ သုံးလာတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းချိန်မှာ ခုလိုပြောလိုက်တာပါ။
ဆေးခြောက်ကို ရာဇဝတ်ပြစ်မှုထိုက်တဲ့ တရားမဝင်ပစ္စည်းအဖြစ် သတ်မှတ်ချက်ကို ပယ်ဖျက်ပေးတဲ့ ဥပဒေသစ်ကို ချမှတ်အပြီး ၂လအကြာမှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ ထိုင်းဟာ ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးဖို့ တရားဝင်ခွင့်ပြုတဲ့ ပထမဆုံး အရှေ့တောင်အာရှ နိုင်ငံဖြစ်လာပါတယ်။
ဇွန်လမှာတော့ ဆေးခြောက်တပင်လုံးကို တရားမဝင်ပစ္စည်းအဖြစ် သတ်မှတ်ချက် လုံးဝ ပယ်ဖျက်လိုက်ပြီးတဲ့နောက် အပန်းဖြေဖို့ ကျယ်ကျယ်ပြန့်ပြန့် သုံးလာခဲ့ကြတာပါ။
ဇိမ်ခံပစ္စည်းအဖြစ်မသုံးဖို့ အစိုးရက မေတ္တာရပ်ခံနေပေမယ့် အထူးဆေးလိပ်သောက်ခန်းတွေ ပါဝင်တဲ့ ဆေးခြောက်လုပ်ငန်းက ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ အသည်းစွဲ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ လူပုံအလယ် ဆေးခြောက်သုံးတာဟာ ထောင်ဒဏ် ၃ လ ဒါမှမဟုတ် ဒဏ်ငွေ ထိုင်းဘတ်ငွေ ၂၅၀၀၀ အထိ ပြစ်ဒဏ်ချမှတ် ခံရနိုင်ပါတယ်။
ထိုင်းနိုင်ငံဟာ ဆေးခြောက်ရဲ့ ဆေးဘက်နဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကြောင့် ဆေးခြောက်မူဝါဒကနေ အမေရိကန်ဒေါ်လာ သန်း ၇၉၀ ကျော်ရဖို့ မျှော်မှန်းပါတယ်။
ဆေးခြောက်ကို လောလောဆယ်မှာ အပန်းဖြေတဲ့နေရာမှာ သုံးဖို့ မထောက်ခံပါဘူး။ ဒါပေမဲ့ ဆေးခြောက်ကို ဘယ်လိုမှန်မှန်ကန်ကန် သုံးမလဲဆိုတာ ပိုကောင်းကောင်း နားလည်လာတာနဲ့ တပြိုင်နက် အပန်းဖြေတဲ့နေရာမှာ အသုံးပြုမှုအတွက် စူးစမ်းလေ့လာနိုင်တယ်လို့ ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ဆေးခြောက် မူဝါဒဟာ မလေးရှားလို ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေဆီက စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာလည်း ခုတော့ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်အတွက် သုံးဖို့ လေ့လာနေပြီလို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။