close

၁ နှစ်ကျော်ကြာသည့်အထိ အင်တာနက်ဖြတ်တောက်ခံရသည့် ဖားကန့်ဒေသခံများ အခက်ကြုံ

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်မှာ  စစ်ကောင်စီက မိုဘိုင်းနဲ့သုံးတဲ့ အင်တာနက်တွေကို ဖြတ်တောက်ထားတာ ဩဂုတ် ၂၀ ရက်က တနှစ်ပြည့်သွားပြီဖြစ်ပါတယ်။

အခုလို အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ပြင်ပကသတင်း အချက်အလက်တွေ မသိရသလို စီးပွားရေးလုပ်ကိုင်ရ ခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖားကန့်ဒေသခံဆရာမိုးက “ကျနော်တို့ဒေသက ဖြစ်ပျက်နေတာတွေ ကမ္ဘာကို ချပြလို့ မရဘူး။ အရင် အင်တာနက်ရတုန်းက ဘယ်နေရာ၊ ဘယ်မြို့နယ်တွေမှာ ဘာဖြစ်ပျက်တာကအစ အကုန် သိရတယ်။ အခုဟာက မျက်စိကန်း နေတဲ့သူနဲ့ တူနေတယ်”လို့ ပြောပါတယ်။ 

ဖားကန့်မြို့နယ်မှာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့အချိန်မှာ စစ်ကောင်စီက ဆယ်ဇင်းရွာကို ဩဂုတ် ၉ ရက်ညမှာ မီးရှို့ဖျက်ဆီးခဲ့ကာ  ဒေသခံတွေရဲ့ အဖိုးတန်ကျောက်မျက်ရတနာတွေ ၊ ရွှေ၊ ငွေတွေ လုယူတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ကျောက်အရောင်းဝယ် အမျိုးသမီးတစ်ဦးက  “အင်တာနက် မရှိတော့ ကျမတို့ ကျောက်အရောင်းသမားတွေ အတော်ကို ဒုက္ခရောက်တယ်။ အရင်က ကိုယ်ဖုန်းနဲ့ကိုယ် ကျောက်ဝယ်လက်သမားတွေကို ပြပြီး ဈေးကောင်းကောင်းရအောင် ရောင်းလို့ရတယ်။ အခုက  အင်တာနက်မရှိလို့ ကျောက်ပွဲစားတွေရဲ့ ဈေးနှိမ်ပြီး ဝယ်တာခံနေရတယ်။ နောက်ပြီး လက်နက်ကိုင်တွေရဲ့ ဆက်ကြေးတောင်းတာလည်း အကြိမ်ကြိမ်ခံနေရတယ်။ အင်တာနက်တာ ရကြည့်ပါလား၊ သူတို့ မတရားလုပ်တာကို ကမ္ဘာကိုချပြပစ်လိုက်မယ်။ အခုဟာက ဘယ်မှာ ဘာဖြစ်တယ်၊ ဘာလုပ်တယ်ဆိုတာကို DVB တို့ Mizzima ရုပ်သံသတင်းဌာနတွေရဲ့ သတင်းတွေပဲ အားကိုးကြည့်နေရပါတယ်”လို့ ပြောပါတယ်။

အင်တာနက်မရှိတာကြောင့် အလွယ်တကူ  ငွေထုတ်လို့ရတဲ့ K Pay ၊  Wave Money တွေလည်း သုံးလို့ မရသလို အကောင့်ထဲရှိတာထုတ်ဖို့ကလည်း ခက်ခဲနေတယ်လို့  ကျောက်ရောင်းဝယ်သူက ပြောပါတယ်။

အခုလို အင်တာနက်ဖြတ်ခံရတဲ့ တနှစ်ပြည့်ချိန်မှာ ဒေသခံဆန္ဒပြသပိတ်သမားတွေက “ဖားကန့်သားတွေ သွေးမအေးဘူး။ ငါတို့ ဘယ်တော့မှ မကြောက်ဘူး။ စစ်ဖိနပ်အောက် ဒူးမထောက်ဘူး”စတဲ့ ကြွေးကြော်သံတွေနဲ့  ဆန္ဒပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

//
Up