close

ယင်းမာပင်တွင် ကိုရင်ကြီး ၁ ပါးနှင့်ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းကျင်းကျေးရွာမှာ သြဂုတ် ၂၇ ရက် မနက်စောပိုင်းက ကိုရင်ကြီး ၁ ပါးအပါအဝင် ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စုစုပေါင်း ၇ ဦး ဖမ်းဆီးခံခဲ့ရပေမယ့် ၂ ဦးက  ပြန်လွတ်လာကြောင်း၊ ကိုရင်ကြီးအပါအဝင် ၅ ဦးကိုတော့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အသီးသီးကနေ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကို မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ လက်ခုပ္ပင်ရွာဟောင်းဘက်ကနေ စုန်းကျင်းကျေးရွာကို မနက် ၄ နာရီခွဲလောက် ဝင်ရောက်လာကာ ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပြီး ဒေသခံတွေရဲ့ဖုန်းတွေကိုလည်း သိမ်းယူသွားတယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးရှိ စုန်းကျင်းကျေးရွာဟာ ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြကာ တိုက်ပွဲတစုံတရာမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးတာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသက ပြောပါတယ်။

ယင်းမာပင်မြို့နယ်ကို စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏ စစ်ကြောင်းထိုးနေပြီး ပြီးခဲ့ရက်ပိုင်းတွေကလည်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတချို့ သေဆုံးခဲ့သလို နေအိမ်အဆောက်အဦ အများအပြားလည်း မီးရှို့ခံခဲ့ရပါတယ်။

//
Up