close

ပြင်ဦးလွင် မြို့ရှောင်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ၉ ဦး သေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှောင်လမ်းမှာ ဩဂုတ် ၂၈ ရက် ည ၈ နာရီ လောက်က ၂၂ ဘီးတွဲကားနဲ့  ခရီးသည်တင်လာတဲ့ကား တိုက်မိခဲ့တာကြောင့်  အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၃ ယောက် စုစုပေါင်း  ၉ ယောက် သေဆုံးသွားတယ်လို့  လူမှုကူညီရေးအသင်းက သိရပါတယ်။

မြို့ရှောင်လမ်း၊ ထင်းရှူးတောအနီးမှာ  ဘိလပ်မြေအိပ်တွေ တင်ဆောင်လာတဲ့ ၂၂ ဘီးတွဲကားနဲ့  ခရီးသည်တွေတင်လာတဲ့  Light Truck ယာဉ်တို့ တိုက်မိခဲ့တာဖြစ်ပြီး  အဆိုပါ ယာဉ်တိုက်မှု ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ယာဉ်တိုက်မှုကြောင့် ခရီးသည် ၁၄ ယောက်ပါ ကားပေါ်က ၇ ယောက်ဟာ နေရာမှာတင် သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသွားတဲ့ ကျန် ၂ ယောက်ကတော့  ဆေးရုံမှာ ထပ်မံ သေဆုံးခဲ့တာပါ။

ကူညီကယ်ဆယ်ရေးလုပ်သားတဦးက  “သူတို့ ပြောတာတော့ လူ ၁၅ ဦးပါတယ်ပြောတယ်။ ဒါပေမဲ့ တကယ့်မြေပြင်ရှာဖွေရေးမှာက ၁၄ ဦးပဲ တွေ့တယ်။ လောက်ကိုင်ဘက်ကို သွားကြမယ့်လူတွေလို့တော့ သိရတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုမှာ နောက်ထပ်ဒဏ်ရာ ရသူတွေကို သန္တိသုခလူမှုကူညီရေးအသင်းပိုင်ကားနဲ့ ပြင်ဦးလွင်နဲ့ မန္တလေးဆေးရုံတွေမှာ တင်ပို့ထားပြီး တချို့မှာ စိုးရိမ်ရတယ်လို့ သိရပါတယ်။

//
Up