ရုရှားဒုံးကျည် ပစ်ခတ်မှုကြောင့် ခါကိဗ်မြို့က လူနေအဆောက်အအုံတခု ပျက်စီး

ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့လယ်ကို စက်တင်ဘာ ၆ ရက် မနက်ပိုင်းက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာကြောင့် လူနေတိုက်ခန်း အဆောက်အအုံတခု ပျက်စီးသွားကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရုရှားနယ်စပ်နဲ့နီးကပ်နေတဲ့ ခါကိဗ်မြို့ဟာ ပဋိပက္ခတလျှောက်လုံး အဆက်မပြတ် ပစ်ခတ်မှုကို ခံနေရတာပါ။
အရေးပေါ်ဝန်ဆောင်မှုဌာနတွေက လူအနည်းငယ်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီးကြောင်းနဲ့ အသေးစားဒဏ်ရာတွေ ရခဲ့ကြပြီးတော့ ဆေးဘက်ဆိုင်ရာ ဌာနတွေဆီ လွှဲပြောင်းပေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး အိုလေး ဆင်နီဟူဘို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ကလည်း ယူကရိန်းနိုင်ငံရဲ့ ခါကိဗ်ဒေသမှာ ရုရှားဒုံးကျည် ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း ဆင်နီဟူဘို့ဗ်က တယ်လီဂရမ်မှာ စက်တင်ဘာ ၆ ရက်က ရေးသားခဲ့ပါတယ်။
သီးခြားမက်ဆေ့ချ်တခုမှာတော့ အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၆ ရက် မနက်မှာ ဒုံးကျည်တိုက်ခိုက်မှုအသစ်တခု ဖြစ်ပွားခဲ့ကြောင်းနဲ့ မြို့တော်အလယ်ပိုင်းရှိ လူနေတိုက်ခန်းတခု ပျက်စီးလုနီးပါးဖြစ်နေကြောင်း ပြောပါတယ်။
ယူကရိန်းနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ဒီနေ့မနက် ထုတ်ပြန်ခဲ့ပြီး နီပရို ပေထရို့ဗ်စ်ခ် ဒေသမှာ လောင်စာဆီသိုလှောင်ရုံတခု ထိမှန်ခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။