close

ထိုင်းနိုင်ငံ ကန်ချနာပူရီခရိုင်တွင် မြန်မာနိုင်ငံသားများကို စိစစ်‌နေဟုဆို

မြန်မာနိုင်ငံထဲက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသူတွေနဲ့ ဆက်နွှယ် ပတ်သက်နေသူတွေကို ထိုင်းနိုင်ငံ၊ ကန်ချနာပူရီခရိုင်အတွင်းမှာရှိမရှိ  စိစစ်နေပြီး ပတ်သက်နေသူတွေကို ထိုင်းမှာ တရားဝင်နေထိုင်ခွင့် ထုတ်ပေးထားတဲ့ လက်မှတ်တွေကို ပြန်လည် ရုပ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့  ကန်ချနာပူရီခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၄ ရက်က ထိုင်း-မြန်မာ ထီးခီးနယ်စပ် ကုန်သည်ကြီးများအသင်း တွေ့ဆုံပွဲမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းထဲက ထိုင်း-မြန်မာ နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ထီးခီးနယ်စပ်ဂိတ် ပိတ်ထားရတာက အကြမ်းဖက်သမားတွေကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနက တာဝန်ရှိသူနဲ့ တနင်္သာရီတိုင်းထဲက ကုန်သည်လုပ်ငန်းရှင်တွေက ထိုင်းကုန်သည်ကြီးများအသင်းကို ပြောဆိုပြီးတဲ့နောက် ကန်ချနာပူရီခရိုင်အုပ်ချုပ်ရေးက အခုလို ပြန်လည် ပြောကြားခဲ့တာပါ။

လက်ရှိမှာ ထီးခီးနယ်စပ် ပိတ်ထားတဲ့အတွက် လုပ်ငန်းရှင်တွေက နစ်နာနေရတယ်လို့ ထိုင်း ကုန်သည် လုပ်ငန်းရှင်တွေက ပြောဆိုခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဇော်လတ်နဲ့ ထီးခီးနယ်စပ် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးမြင့်ဆွေ အပါအဝင် လုပ်ငန်းရှင်တွေက အခုလို ပိတ်ထားတာက အကြမ်းဖက်သမားတွေက နယ်မြေဒေသ လုံခြုံရေးကို ထိပါးနေတဲ့အတွက် ပိတ်ထားရတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲကို ထီးခီးနယ်စပ် ကုန်သည်ကြီးများအသင်းက လုပ်ငန်းရှင် ၅ ဦးနဲ့ ထိုင်းကုန်သည် လုပ်ငန်းရှင် ၂၅ ဦး တက်ရောက်ခဲ့ကြပြီး နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ထီးခီးနယ်စပ်ဟာ တနင်္သာရီတိုင်းထဲက အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တစ်ခုဖြစ်ပြီး နယ်မြေဒေသလုံခြုံရေးအခြေအနေကြောင့် အခုနှစ် ဧပြီလ ၂၄ ရက်နေ့က စတင်ပြီးယာယီပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဟာ စစ်တပ်ရဲ့ မတရား အာဏာသိမ်းမှုကို  နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်နေတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up