close

တာမွေမြို့နယ်တွင် စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီး

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက် မဂ္ဂလမ်းမှာ စက်တင်ဘာ ၆ ရက်နေ့ည ဆယ်နာရီကျော်က စစ်ကောင်စီတပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးပေါင်းကာ ဧည့်စာရင်းစစ်ဆေးပြီး ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မနေ့ည ဆယ်နာရီကျော်က မဂ္ဂင်လမ်းထဲကို စစ်ကား၊ ရဲကားနဲ့ အချုပ်ကားတွေ ရောက်လာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အင်အားအများအပြားနဲ့ ဧည့်စာရင်းစစ်ဆေးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သက်သက်ဖမ်းချင်လို့ လုပ်တာ။ အရင်ရက်တွေက ဧည့်စာရင်းသွားတိုင်တာမရဘူး၊ ရက်ကျော်တဲ့သူတွေဆို ပိုက်ဆံသောင်းနဲ့ချီပြီး တောင်းတယ်။ ညက အဖမ်းခံလိုက်ရတဲ့သူမ နည်းဘူး၊ ကျမမြင်တာတောင် သုံးဆယ်ကျော်တယ်၊ အကုန်အချုပ်ကားပေါ် တင်တာ။”

ဧည့်စာရင်းစစ်ဆေးရာမှာ စစ်ကောင်စီတပ်က အရာရှိတဦးပါလာပြီး ဧည့်စာရင်းမတိုင်ထားသူအချို့ ပိုက်ဆံပေးတော့ အဖမ်းမခံရဘူးလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကိုပြောပါတယ်။

“ဒီမနက် ပြန်လွှတ်တယ်လို့လည်း ကြားတယ်၊ မလွှတ်သေးဘူးလို့လည်း ပြောနေကြတယ်၊ မသေချာသေးဘူး သတင်းတွေက” လို့ ပြောပါတယ်။

တာမွေမြို့နယ်မှာ မနေ့ညက ကျားကွက်သစ်ရပ်ကွက်အပါအဝင် အခြားရပ်ကွက်အချို့ကိုလည်း စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up