close

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ပျူစောထီး ၂ ဦးသေဆုံး

Photo : Yesagyo Revolution Group

မကွေးတိုင်း၊ ရေစ​ကြိုမြို့နယ်ထဲက ဂွေးချိုရွာ ဆည်ဘောင်ပေါ်ကို ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် စက်တင်ဘာ ၇ ရက် ည ၈ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ပျူစောထီးအဖွဲ့ဝင်နှစ်ယောက် သေဆုံးခဲ့တယ်လို့ Yesagyo Revolution Group အဖွဲ့သိရပါတယ်။

ဂွေးချိုကျေးရွာဟာ ပျူစောထီးတွေနေထိုင်တဲ့ရွာဖြစ်ပြီး စစ်ကောင်စီတပ်က တပ်စွဲထားကာ ရွာအနီးတဝိုက်ကိုလည်း နင်းမိုင်းတွေ ထောင်ထားတယ်လို့ ဆိုပါတယ်။

Yesagyo Revolution Group အဖွဲ့ တာဝန်ရှိသူတယောက်က  “ည ၈ ခွဲလောက်ဆို ညတိုင်း ဂွေးချိုဆည်ဘောင်ပေါ်ကို ကင်းလှည့်တယ်၊ ကင်းပုန်းစောင့်ကြတယ်။ သတင်းရလို့ မိုင်းနဲ့စောင့်ပြီး တိုက်ခိုက်ခဲ့တာပါဗျ။ ကင်းပုန်းဝပ်ဖို့လာတာ ခြောက်ယောက်ပါ။ နှစ်ယောက်က ပွဲချင်းပြီးသေတာ။ သေတာလည်း ပျူစောထီးတွေပါ။ သေသွားတဲ့ပျူနှစ်ကောင်လည်း ဒီတိုင်း တရွ​တ်တိုက်ကို ဆွဲသွားကြတာဗျ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဂွေးချိုရွာကနေ လက်နက်ကြီးလေးချက် ရမ်းပစ်ခတ်ခဲ့တာကြောင့် ဆင်ချောင်းရွာနားက ဘုရားအနီးကျကာ ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ပါဘူး။

ရေစကြိုမြို့နယ်ထဲက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ နီးနီးကပ်ကပ် မနေကြဖို့နဲ့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တာကြောင့် အသွားအလာ ဆင်ခြင်ကြဖို့  ပြောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Yesagyo Revolution Group-YRG၊ Shwe Nyar Myae (PDF)၊ KING COBRA People's Defense Force (PDF)၊ Urban Underground Revolution Force (UURF) အဖွဲ့တို့​ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up