ယင်းမာပင်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် PDF ရဲဘော် ၁ ဦးကျဆုံးပြီး ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စက်တင်ဘာ ၁၄ ရက် မနက် ၉ နာရီဝန်းကျင်လောက်က ကင်းစောင့်နေတဲ့ PDF ရဲဘော်တွေကို စစ်ကောင်စီတပ်ဖွဲ့က အလစ်ဝင်တိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော် ၁ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။
ကျဆုံးခဲ့တဲ့ PDF ရဲဘော်ဟာ အသက် ၂၄ နှစ်အရွယ် ရဲဘော်ရှိုင်းအောင်ဖြစ်ပြီး ရုပ်အလောင်းကိုတော့ အခင်းဖြစ်အနီးနားမှာရှိတဲ့ မီးလောင်ထားတဲ့ တဲတလုံးအတွင်းမှာ မီးလောင်ကျွမ်းထားတဲ့ အနေအထားအတိုင်း တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဘန့်ဘွေးရွာမ (ဒေသခေါ် ပျူစောထီး) ရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့က ကင်းစောင့်နေတဲ့ PDF ရဲဘော်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒလန်သတင်းပေးမှုကြောင့် အခုလို ပစ်ခတ်ခံရတာလို့ ယူဆရကြောင်း၊ ကင်းစောင့်နေတဲ့ PDF ရဲဘော် စုစုပေါင်း ၆ ဦးထိရှိပြီး သူတို့အားလုံး စစ်ကောင်စီတပ်ဖွဲ့ရဲ့ ညှပ်ပူးညှပ်ပိတ် ပစ်ခတ်တာခံခဲ့ရသလို နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ PDF ရဲဘော်တဦးက ပြောပါတယ်။
ဘန့်ဘွေးရွာမကျေးရွာနဲ့ သိကြားစက် (သကြားစက်) ကျေးရွာကြား တောပြင်တနေရာမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာ ၁၃ ရက် ညနေပိုင်းကလည်း ဘန့်ဘွေးရွာမအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရေသောက်ကန်တောပြင်ရှိ ပြည်သူတွေရဲ့ နေအိမ်အတွင်းက ဆန်အိတ်၊ နှမ်းအိတ်၊ မြေပဲအိတ်တွေကို အဓမ္မသိမ်းယူခဲ့ကြသလို ဝက် ၁ ကောင်ကိုလည်း ပစ်သတ်ပြီး ယူသွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ပြည်သူတဦးပိုင်ဆိုင်တဲ့ ထော်လာဂျီ ၁ စီးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားပြီး ငွေနဲ့ရွေးထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ ၆ လကျော်ကြာ တပ်စွဲနေထိုင်တဲ့ ဘန့်ဘွေးရွာမကျေးရွာဟာ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။