close

စစ်ခေါင်းဆောင်နှင့်တွေ့ဆုံရန် ကရင်လက်နက်ကိုင် ၂ ဖွဲ့ နေပြည်တော်ရောက်

Photo-MOI

အပစ်ရပ်ကရင်လက်နက်ကိုင် အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ကိုယ်စားလှယ်တွေဟာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်မှာ စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက ရောက်ရှိနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ့နဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့  အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၂၂ ရက်မှာစတင်ဖိတ်ခေါ်ပြီးနောက်  လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး အခု ဒုတိယအကြိမ် ထပ်မံ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

ဒီတခေါက်တွေ့ဆုံပွဲအတွက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒု-ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေသလို  DKBA အဖွဲ့ဘက်ကတော့ စစ်ဦးစီးချုပ်စောစတီး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ သွားရောက်နေတာပါ။ 

KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟာ ပြီးခဲ့တဲ့မေလ ၂၆ ရက်နေ့က စစ်ခေါင်းဆောင်နဲ့  ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးသလို  ဒီမိုကရေစီကျိုးပြုကရင်တပ်မတော် (DKBA) အဖွဲ့ကလည်း အခုနှစ် ဇွန်လ ၁၉ ရက်က   တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အခုဒုတိယအကြိမ်တွေ့ဆုံပွဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလိုလားချက်နဲ့ အနာဂတ်လုပ်ငန်းစဉ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့်ထားကြောင်း စစ်ကောင်စီက ပြောဆိုထားပါတယ်။

ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကျန်တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တွေလည်း လာရောက်တွေ့ဆုံဆွေးနွေးဖို့ရှိပြီး မလာရောက်သေးတဲ့ တိုင်းရင်းသားအဖွဲ့တွေလည်း ကြိုတင်ကန့်သက်ချက်မထားဘဲ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ပထမအကြိမ် ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကို ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊  ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ 

ဒုတိယကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)နဲ့  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)  တို့ တက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားရောက်တဲ့အဖွဲ့အများစုဟာ  ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ အဖွဲ့တွေဖြစ်ကြပြီး အခုလက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIA ၊ KNPP ၊ CNF ၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ သွားရောက်ခြင်းမရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up