close

ရွှေဈေး ကျပ်သိန်း ၃၀ အောက် ပြန်ကျဆင်း

ဒီကနေ့ စက်တင်ဘာ ၁၆ ရက်နေ့ ပြင်ပဈေးကွက်မှာ အခေါက်ရွှေ တကျပ်သားကို ၂၉ သိန်း ၅ သောင်းဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေပြီး သီတင်းတပတ်အတွင်း ကျပ် ၂ သိန်းကျော် ဈေးပြန်ကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် စက်တင်ဘာ ၉ ရက်က ပြင်ပဈေးကွက်မှာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၃၁ သိန်း ၆ သောင်း ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒေါ်လာဈေးက တဒေါ်လာ မြန်မာငွေ ၃,၅၅၀ ကျပ် ဖြစ်ခဲ့ပါတယ်။

ဒီတပတ်မှာတော့ ဒေါ်လာဈေးလည်း အထိုက်အလျောက် ပြန်ကျဆင်းခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ ပြင်ပဒေါ်လာဈေးက မြန်မာကျပ် ၃,၄၀၀ ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ သီတင်းတပတ်အတွင်း ဒေါ်လာဈေးက ကျပ် ၂၀၀ ဝန်းကျင် ပြန်ကျဆင်းခဲ့ပါတယ်။

စစ်ကောင်စီက တရိပ်ရိပ်မြင့်တက်နေတဲ့ ရွှေနဲ့ ဒေါ်လာဈေးကို ထိန်းညှိဖို့ ငွေကြေးဈေးကွက်ထဲ ဒေါ်လာ သန်း ၂၀၀ ကျော် ထည့်သွင်းခဲ့ပြီးတော့ ရွှေဒင်္ဂါးပြားတွေ ထုတ်ရောင်းပေးတဲ့ အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါတယ်။

ငွေကြေးဈေးကွက်ထဲ ထည့်သွင်းခဲ့တဲ့ ဒေါ်လာသန်း ၂၀၀ က မပြောပလောက်တဲ့ ပမာဏဖြစ်လို့ အလုပ်မဖြစ်နိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိခဲ့သလို ပြင်ပပေါက်ဈေးနီးပါး ဈေးသတ်မှတ်ချက်နဲ့ ရွှေဒင်္ဂါးပြားတွေ နေပြည်တော်မှာ ထုတ်ရောင်းပေးတဲ့ အစီအစဉ်ကလည်း ဈေးကွက်လိုအပ်သလောက် ရောင်းချပေးခဲ့တာ မဟုတ်ရင် ရွှေဈေးကျဆင်းနိုင်ခြေ နည်းတယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ခဲ့ကြပေမဲ့ ရွှေဈေးရော၊ ဒေါ်လာဈေးပါ အထိုက်အလျောက် ပြန်လည်ကျဆင်းခဲ့ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ်ကို ဘဏ်စနစ်နဲ့ပဲ လုပ်ကြဖို့ စီစဉ်မယ်လို့ ကြေညာထားပြန်ပါတယ်။ ဘဏ်စနစ်နဲ့ပဲ ရွှေတုံးအရောင်းအဝယ်တွေကို ဆောင်ရွက်ကြမယ်ဆိုရင် ရွေဈေးတည်ငြိမ်လာမှု ရှိမရှိကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာရွှေဈေးအနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက တကျပ်သားကို ကျပ် ၃၅ သိန်းအထက်ထိ ရောက်ရှိခဲ့ပြီး အမေရိကန်တဒေါ်လာဈေးကလည်း မြန်မာကျပ် ၅,၀၀၀ နီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up