အီရန်အမျိုးသမီးငယ် ၁ ဦး ဖမ်းဆီးခံပြီးနောက်သေဆုံးသွားမှုနှင့်ပတ်သက်၍ မြို့တော်တွင် ဆန္ဒပြ

အီရန်နိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ် မာဆာအာမီနီဟာ မွတ်ဆလင် ခေါင်းစည်းပုဝါမဝတ်လို့ ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားတာနဲ့ ပတ်သက်လို့ မြို့တော် တီဟီရန်မှာ စက်တင်ဘာ ၁၈ ရက်က မငြိမ်မသက်မှုတွေ ဆက်ကြီးထွားလာနေပြီး ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ တီဟီရန်တက္ကသိုလ်တဝိုက်မှာ “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု" စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေး ဆန္ဒပြခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ဟာ အီရန်က အမျိုးသမီးအခွင့်အရေးတွေကို မီးမောင်းထိုးပြနေပါတယ်။ တီဟီရန်မြို့ လမ်းမတွေပေါ်ကလူတွေကတော့ ရဲတွေရဲ့ အကျင့်စာရိတ္တကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
ကျောင်းသူတယောက်ကို သေဆုံးစေခဲ့တဲ့ ရဲတပ်ဖွဲ့ဟာ အစ္စလာမ်ဘာသာရဲ့ အခြေခံမူတွေကို ဆန့်ကျင်ရင် အကြမ်းဖက်ဖို့ လိုအပ်သလားလို့လဲ မေးခွန်းထုတ်ခဲ့ကြပါတယ်။
အီရန်ပြည်ထဲရေးဝန်ကြီးကတော့ အာမီနီ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးဘဲ မှုခင်းဆေးပညာအစီရင်ခံစာကို စောင့်ဆိုင်းနေပေမယ့် အရင်က ကျန်းမာရေး ပြဿနာ တွေကြောင့် ဖြစ်နိုင်တယ်လို့ အကြံပြုထားပါတယ်။
မာဆာအာမီနီ ရိုက်နှက်ခံရတယ်ဆိုတဲ့ ဆိုရှယ်မီဒီယာပေါ်က သံသယတွေကို ရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ပြီး မာဆာအာမီနီဟာ တခြား ထိန်းသိမ်းခံ အမျိုးသမီးတွေနဲ့အတူ စောင့်နေချိန် နေထိုင်မကောင်းဖြစ်ခဲ့တာလို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး #မာဆာအာမီနီလို့ ပါရှန်ဘာသာစကားနဲ့ Twitter လူမှုကွန်ယက်မှာ ရေးသားဖော်ပြချက်တွေဟာ ထိပ်တန်း hashtag တစ်ခုဖြစ်လာခဲ့ပါတယ်။
ပါရှန်းဘာသာစကားနဲ့ hashtag လုပ်ထားတဲ့ #MahsaAmini ဟာ ခုတော့ Twitter လူမှုကွန်ယက်ပေါ်မှာ အကြိမ်ရေ ၁ ဒသမ ၆၃ သန်းအထိ ဖော်ပြထားပြီးဖြစ်ပါတယ်။