သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ခန့်ထားရန် ပြင်သစ်တွင် ဆန္ဒပြ (ဓာတ်ပုံ)




သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိရေးအတွက် ထောက်ခံဆန္ဒပြတဲ့ လှုပ်ရှားမှုကို ပြင်သစ်နိုင်ငံ လီယွန်မြို့မှာ စက်တင်ဘာ ၁၇ ရက်က ကျင်းပပါတယ်။
ဒီဆန္ဒပြပွဲကို ပြင်သစ်နိုင်ငံ၊ လီယွန်မြို့က မြန်မာမိသားစုတွေက ဦးဆောင်ခဲ့ပြီး လီယွန် မြို့နယ်တွေက ရွေးကောက်ခံကိုယ်စားလှယ်တွေတက်ရောက်ပြီး မြန်မာပြည်သူလူထုနဲ့ အတူရပ်တည်ကြောင်း မိန့်ခွန်းစကားပြောကြားခဲ့ပါတယ်။
ပါရီမြို့နဲ့ တခြားမြို့နယ်တွေက မြန်မာတွေလည်းလာရောက် အားဖြည့်ခဲ့ပြီး လီယွန်မြို့ခံ တိဘက်နဲ့ ထိုင်ဝမ် အသင်းအဖွဲ့များကလည်း ဆန္ဒပြပွဲကို လာရောက် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို လီယွန်မြို့လယ် ဘယ်လီကူးနေရာရှိ ပြင်သစ်နိုင်ငံရဲ့ နေမဝင်ဘုရင်အဖြစ် ထင်ရှားတဲ့ လူဝီဘုရင် (၁၄) ရဲ့ မြင်းစီးကြေးရုပ်တုအနီးမှာပြုလုပ်ခဲ့တာဖြစ်ပြီး ကြေးရုပ်ပတ်လည်မှာ လီယွန်မြို့ ကာတွန်းပညာရှင် အသင်းရဲ့အစီအစဉ်နဲ့ မြန်မာအနုပညာရှင် ဝူး ရဲ့ လူဝီဘုရင် (၁၄)ရဲ့ ဘဝအတ္ထုပတ္တိ အနုပညာလက်ရာ ပိုစတာပြပွဲလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။