စူပါတိုက်ဖွန်းကြောင့် ဖိလစ်ပိုင်၌ မိုးကြီး ရေလွှမ်း

ဖိလစ်ပိုင်မှာ စက်တင်ဘာ ၂၅ ရက်က ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ စူပါတိုက်ဖွန်းနိုရူကြောင့် နိုင်ငံတဝန်း နေရာအများအပြား မိုးကြီးပြီး ရေလွှမ်းမိုးခဲ့ကာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ခုအချိန်အထိ တိုက်ဖွန်းမုန်တိုင်းကြောင့် နိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်သား ငါးဦးအပါအဝင် လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ဘူလာကန်ပြည်နယ်က နေရာ အများအပြား ရေလွှမ်းမိုးမှုဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး ဂါလန်းရွာကတော့ အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ ဒေသတွေထဲက တခုဖြစ်လာတာပါ။
မြေမျက်နှာသွင်ပြင် အမြင့် ကွာခြားမှုကြောင့် လမ်းပေါ်က ရေတွေဟာ အနီးနားက ရပ်ကွက်တွေ ဆီ အမြန် စီးဝင်လာခဲ့ပါတယ်။
တချို့အိမ်တွေရဲ့ မြေညီထပ်တွေ လုံးလုံး နစ်မြုပ်သွားခဲ့ပြီး နေထိုင်သူ အများအပြားဟာလည်း ပြန်လည်နေရာချ ထားရေး စောင့်ဆိုင်းနေတဲ့ လမ်းပေါ်ကို ယာယီ ပြောင်းရွှေ့ခဲ့ရပါတယ်။
“အရင်ကနဲ့ ယှဉ်ရင် ပိုခက်တယ်။ အရင်က ရေကြီးတာက တစ်ခါမှ မပြင်းထန်ဘူး၊ ရေက တစ်ချိန်လုံး တက်လာတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖိလစ်ပိုင် အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးကော်မတီက စက်တင်ဘာ ၂၆ ရက်မှာ နိုင်ငံတွင်းက ရွာပေါင်း ၈၄ ရွာတွင် သဘာဝဘေးဒဏ် ခံစားခဲ့ရပြီး လူပေါင်း ၇၉,၀၀၀ နီးပါးကို အစိုးရက မုန်တိုင်း မဝင်ခင် ရွှေ့ပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။
တိုက်ဖွန်းမုန်တိုင်းကြောင့် လယ်ယာမြေ ၁၆၂၂၉ ဟက်တာ ပျက်စီးခဲ့ပြီး ပီဆို သန်း ၁၄၀ ကျော် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၇ သန်းလောက်) စီးပွားရေး ဆုံးရှုံးခဲ့ပါတယ်။