close

ပုလောမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကဒဲရွာနဲ့ သင်္ကန်းတောရွာကြားမှာ စစ်ကောင်စီ  ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Palaw Regional Defense Force (PRDF) က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီလောက်က ထားဝယ်မြို့ကနေ မြိတ်မြို့ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို Palaw People Defense Force (PPDF) နဲ့ PRDF မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အဆိုပါ ထားဝယ်မြို့မှထွက်ခွာလာတဲ့ စစ်ကောင်စီ ယာဉ်တန်းဟာ ပုလောမြို့ အခြေစိုက် ခလရ ၂၈၅ တပ်ရင်းကို နေ့လယ် ၁ နာရီလောက်က ရောက်ရှိခဲ့တာဖြစ်ပြီး ၂ နာရီခွဲဝန်းကျင်မှာ မြိတ်ဘက်ကို ဆက်လက်ထွက်ခွာလာစဉ် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက် အရ သိရပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပလမြို့မှာ အရေးပေါ်လူနာတင်ယာဉ်လေးစီးနဲ့ လာရောက်တင်ဆောင်သွားတယ်လို့ စုံစမ်းသိရှိရပေမဲ့ သေဆုံးထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်ကို မသိရသေးပါဘူး။

အဲဒီတိုက်ခိုက်မှုကို နန်းထိုက်အောင်စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအရ ပုလောဒေသ ကာကွယ်ရေးတပ်ပေါင်းစုက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာမှာလည်း စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီကျော်လောက်မှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း People’s Defence Force – Federal Column က ထုတ်ပြန်ပါတယ်။

ပုလောမြို့က ထားဝယ်မြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီကား ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်တပ်ရင်း (၂)၊ ကစယ်ဒိုကျားတပ်ဖွဲ့၊ ညီနောင်မဟာမိတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းတို့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး တချို့ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တစုံတရာထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပုလောမြို့နယ်အတွင်း စစ်ကောင်စီယဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ ပုလော ပကဖက ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်၊ ရေး-မော်လမြိုင်သွားကားလမ်းရှိ ရေးမြို့နယ်မှာလည်း နှင်းစုံကျေးရွာအနီး ရှိ မိုင်းခွဲခံရတဲ့ ချောင်းကူးတံတားပြုပြင်နေတဲ့ ဆောက်လုပ်ရေးလုပ်သားတွေကို ကင်းစောင့်ပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီလောက်မှာ တိုက်ခိုက်ခဲ့တယ်လို့ YST F ရေးတပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ကို ကိုက် ၁၅၀ ဝန်းကျင် အကွာအဝေးကနေ သွားရောက်ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က တောင်ပံဖြန့်ကာ တပ်ဖြန့်ထားတာကြောင့် ထိတွေ့မှု အနည်းငယ် ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ မိနစ်အနည်းငယ်ကြာ အပြန်အလှန် ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး YST F တပ်ဖွဲ့က အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up