close

မန်တုံမြို့ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်(တအာင်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က ဒီကနေ့ စက်တင်ဘာ ၂၉ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မနက်က အမှတ် ၁၃၀ တပ်ရင်းနဲ့ ရဲစခန်းကို PDF၊ KIA ပူးပေါင်းတပ်ဖွဲ့က လာပစ်တာ၊ စစ်တပ်ကလည်း ပြန်ပစ်တယ်” လို့ ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်တပ်ဖွဲ့တွေရဲ့ ထိခိုက်ကျဆုံးမှု မသိရသေးပေမဲ့ မန်တုံမြို့ထဲက အရပ်သားနေအိမ်တချို့ ကျည်ထိမှန် ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြို့ခံတယောက်က “မြို့ရဲ့ ဘယ်ဘက်ကုန်းပေါ်မှာ စစ်တပ်က တပ်ရင်းရှိတယ်။ မြို့ ညာဘက်မှာ ရဲစခန်းရှိတယ်။ မြို့က ကြားထဲမှာ၊ ပစ်ကြခတ်ကြတော့ အလယ်ခေါင်မှာရှိတဲ့ လူနေအိမ်တချို့ ကျည်ထိတယ်။ ကျနော့်အိမ်က နှစ်ထပ်ဆိုတော့ အပေါ်ထပ်အမိုးတွေ ထိကုန်ပြီ။ ကျနော်တော့ အိမ်အောက်မှာ ပုန်းနေရတယ်” လို့ ပြောပါတယ်။

စက်တင်ဘာလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ပလောင် (တအာင်း) ဒေသနဲ့ ထိစပ်နေတဲ့ နမ္မတူမြို့နယ်အတွင်းက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် KIA ပူးပေါင်း PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် ဆင်လီ၊ လီဆူနဲ့ ကုန်းကယားရွာက ဒေသခံ ၂၀၀ ကျော် နမ္မတူမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up