ချင်းမိုင်တွင် မြစ်ရေလျှံပြီး ရေကြီးနေ

ထိုင်းနိုင်ငံဒုတိယမြို့တော် ချင်းမိုင်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းတဲ့နောက် မြို့ထဲကို ဖြတ်သန်းစီးဆင်းနေတဲ့ မယ့်ပင်းမြစ်ရေဟာ အောက်တိုဘာ ၃ ရက်နေ့မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ကမ်းနှစ်ဘက်ကို လျှံကျပြီး မြစ်ရေကြီးနေပါတယ်။
ဒါကြောင့် အနီးနားရပ်ကွက်တွေထဲမှာ မူလက မိုးရွာလို့ရေဝပ်တာနဲ့ မြစ်ထဲကလျှံကျလာတဲ့ ရေတွေ ၊ နောက်ထပ်ရွာနေတဲ့ မိုးရေတွေစုပေါင်းပြီး ရေကြီးမှုဒဏ်ခံနေရပါတယ်။
မွန်းတည့် ၁၂ နာရီက နဝရတ်တံတားအနီးရှိ မြစ်ရေတိုင်းတာမှုတိုင်မှာ စိုးရိမ်ရေမှတ် ၃ ဒသမ ၇ မီတာထက်ကို ကျော်လွန်ပြီး ရေအမြင့် ၄ ဒသမ ၆၀ မီတာထိကို ရောက်နေပြီ ဖြစ်ပါတယ်။
ဒါကြောင့် မယ့်ပင်းမြစ်အရှေ့ဘက်ကမ်းရှိ ချင်းမိုင် - လမ်းပွန်းသွား ကားလမ်းမကြီးနဲ့ ကာဝိလ စစ်တပ်ရှေ့၊ မယ့်ပင်းမြစ်အနောက်ဘက်ကမ်းရှိ တလတ်မိန်းမိုင် လက္ကားကုန်စိမ်းဈေး၊ ဝါရာလုတ်ဈေးကြီး၊ ချင်းမိုင်စာတိုက်ကြီး၊ စာသင်ကျောင်းတွေ၊ ကျရွန်းပရထစ်လမ်းမကြီးရှိ ဖရဟလိထိုင်း၊ ရီဂျင်းနား၊ ချန့်ခလန်းလမ်းမကြီး စတဲ့နေရာတွေမှာ ရေတွေ ခါးလောက်ထိမြင့် တက်နေပါတယ်။
မယ့်ပင်းမြစ်အနီး ဆီဝိန်းဖင်းတံတားအောက်၊ ပါဒက်တံတားအောက်နဲ့ ဆီဒွန်းချိုင်း လမ်းမပေါ်ရှိ အမှတ် ၅ ခရိုင်ရဲစခန်းရှေ့က U Turn အကွေ့ချိုးနေရာတွေမှာလည်း ရေတွေပြည့်နေလို့ အဆိုပါနေရာတွေကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ သက်ဆိုင်ရာက သတိပေးထုတ်ပြန်ထားပါတယ်။
ချင်းမိုင်မြို့ထဲမှာ ခုလိုရေကြီးနေသလို ချင်းမိုင်ခရိုင် ဟန်ဒုန်း၊ ဆမိုင်း၊ ဆန်ပါတောင်း၊ စွမ်ထောင်းန်၊ ဟော့တ်၊ မယ့်လိမ်း၊ မယ့်တိုင်၊ ဖန်စတဲ့မြို့နယ်တွေမှာလည်း ရေကြီးတာနဲ့ တောင်ကျချောင်းရေကျတာတွေ ဖြစ်ပေါ်နေပါတယ်။
Ref- ChiangMaiNews