ယူကရိန်းတွင် အကြမ်းဖက်မှုများရပ်တန့်ရန် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က သမ္မတပူတင်ကို တိုက်တွန်း

ယူကရိန်းမှာ အကြမ်းဖက်မှုနဲ့ သေဆုံးမှုတွေ အဆက်မပြတ်များပြားလာတာကို ရပ်တန့်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အောက်တိုဘာ ၂ ရက်က ပြင်းပြင်းထန်ထန် မိန့်ကြားလိုက်ပါတယ်။
ယူကရိန်းအတွက် ရည်စူးပြီး စိန့်ပီတာရင်ပြင်မှာရှိတဲ့ ထောင်နဲ့ချီတဲ့ လူတွေကို မိန့်ခွန်းပြောရာမှာ ပုပ်ရဟန်းမင်းကြီးပြောကြားခဲ့တာဖြစ်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကိုလည်း ငြိမ်းချမ်းရေးကို လေးလေးနက်နက်ဖော်ဆောင်ဖို့ မေတ္တာရပ်ခံပါတယ်။
ပဋိပက္ခ အဆုံးသတ်ရေးအတွက် "ဘုရားသခင်ရဲ့ နာမတော်" အောက်မှာ အရေးတကြီး အယူခံဝင်ခဲ့တယ်လို့ ပုပ်ရဟန်းမင်းက မိန့်ပါတယ်။
ယူကရိန်းအကျပ်အတည်းဟာ ထိန်းချုပ်လို့မရတဲ့ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား အန္တရာယ် အကျိုးဆက်တွေ ဖြစ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းရဲ့ ငါးပုံတပုံလောက်ကို သိမ်းပိုက်ပြီး ရုရှားရဲ့နျူကလီးယားထီးရိပ်အောက်မှာ ထားလိုက်ပြီလို့ ရုရှားသမ္မတ ပူတင်က ကြေညာပြီး နှစ်ရက်အကြာမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးဆိုင်ရာ အခွင့်အရေးတွေကို ကာကွယ် ပြောဆိုခဲ့ပါတယ်။
ယူကရိန်းအစိုးရနဲ့ သူ့ရဲ့ အနောက်နိုင်ငံ မဟာမိတ်တွေက ပူတင်ရဲ့ သိမ်းယူမှုကို တရားမဝင်ဘူးလို့ ပြောဆို ရှုတ်ချခဲ့ပြီး ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ယူကရိန်းပိုင်နက်အားလုံးကို ပြန်သိမ်းဖို့ တပ်ဖွဲ့တွေက ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ သမ္မတ ဇလန်းစကီးက ပြောထားပါတယ်။