မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ထပ်မံပစ်လွှတ်မှုအပေါ် ဂျပန်က ပြင်းပြင်းထန်ထန် ရှုတ်ချ

မြောက်ကိုရီးယားဟာ သူ့နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဘက်ကို အမျိုးအစား အတိအကျ မသိရသေးတဲ့ ပဲ့ထိန်းဒုံးကျည် အောက်တိုဘာ ၆ ရက်မနက်က ထပ်မံ ပစ်လွှတ်ခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲ ဒုံးကျည်ပစ်လွှတ်လေ့ကျင့်မှုအပြီး ကိုရီးယားနဲ့ ဂျပန် နှစ် နိုင်ငံကြားကို အမေရိကန်လေယာဉ်တင်သင်္ဘော ဝင်လာခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ပစ်လွှတ်တာ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေက ပြောပါတယ်။
အောက်တိုဘာ ၆ ရက်မှာ ဒုံးကျည်ပစ်လွှတ်မှုဟာ ၁၂ ရက်အတွင်း ဆဋ္ဌမမြောက် ပစ်လွှတ်တာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အောက်တိုဘာ ၄ ရက်က ဂျပန်နိုင်ငံဘက်ဆီကို တာလတ်ပစ်ဒုံးကျည် တစီး ပစ်လွှတ်ခဲ့ပါသေးတယ်။
အခုလို မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်လိုက်တာကို ဂျပန်ကာကွယ်ရေးဝန်ကြီး ယာစုခါ့ဇု ဟာ့မာ့ဒါ့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ပြင်းထန်တဲ့ ရန်စတဲ့လုပ်ရပ်တွေကို လုံးဝ လက်မခံနိုင်ဘူးလို့လည်း ပြောလိုက်ပါတယ်။
“စက်တင်ဘာလကုန်ကစလို့ ဒီအချိန်တိုလေးအတွင်းမှာပဲ သူတို့ဟာ တိုက်ရိုက်ရန်စတဲ့ လုပ်ရပ်တွေကို အရှိန်မြှင့်ပြီး ၆ ကြိမ်လောက် ပစ်လွှတ်ခဲ့ပါတယ်”လို့ ဟာ့မာ့ဒါ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒီကနေ့ပစ်လွှတ်ခဲ့တဲ့ ပထမဒုံးကျည်ဟာ အမြင့် ၁၀၀ ကီလိုမီတာလောက်နဲ့ အကွာအဝေး ၃၅၀ ကီလိုမီတာအထိ ပျံသန်းနိုင်ဖွယ်ရှိပြီး ဒုတိယဒုံးကျည်ကတော့ ခန့်မှန်းခြေ အမြင့်ပေ ၅၀ ကီလိုမီတာရှိပြီး ကီလိုမီတာ ၈၀၀ ပျံသန်းနိုင်တဲ့အပြင် ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းအတိုင်း ပျံသန်းနိုင်စရာ ရှိတယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ မကြာသေးမီက ဒုံးကျည်စမ်းသပ်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ဒုံးကျည်ပစ်ခတ် လေ့ကျင့်ခဲ့တာပါ။ အဲဒီနောက် ဒေသထဲကို အမေရိကန် လေယာဉ်တင်သင်္ဘော ပြန်ရောက်လာခဲ့ပါတယ်။ ဒီ ဒုံးကျည်ပစ်လွှတ်မှုဟာ ၁၂ ရက်အတွင်း ၆ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားက တာလတ်ပစ်ဒုံးကျည် (IRBM) ကို အောက်တိုဘာ ၄ ရက်က ဂျပန်နိုင်ငံကို ဖြတ်ကျော် ပစ်လွှတ်ခဲ့ပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ထပ်မံပစ်လွှတ်တာလည်း ဖြစ်ပါတယ်။