လီဗာပူးကို အနိုင်ယူခဲ့တာက ကြီးကျယ်ခမ်းနားသည့် ခံစားမှုရရှိကြောင်း အာဆင်နယ်နည်းပြပြော

လီဗာပူးအသင်းကို အနိုင်ယူခဲ့တာက ကြီးကျယ်ခမ်းနားတဲ့ ခံစားမှုရရှိကြောင်း အာဆင်နယ် နည်းပြအာတေတာကပြောပါတယ်။
အာဆင်နယ်ဟာ တနင်္ဂနွေနေ့က အိမ်ကွင်းမှာလီဗာပူးအသင်းကို ဧည့်ခံကစားခဲ့ပြီး ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့တာပါ။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ လီဗာပူးလိုအသင်းကို ခြေစွမ်းအသာစီးနဲ့ ကစားပြီးအနိုင်ရခဲ့တာက ကြီးကျယ်ခမ်းနား ကြောင်း၊ အာဆင်နယ်ဟာ အနိုင်ရဖို့လည်းထိုက်တန်ခဲ့ကြောင်း နည်းပြအာတေတာကပြောပါတယ်။
ပထမပိုင်းထက်စာရင် ဒုတိယပိုင်းမှာ ပွဲကိုပိုပြီးထိန်းချုပ်နိုင်ခဲ့ကြောင်း၊ စုစည်းညီညွတ်မှုနဲ့ ဘောလုံးလုယူမှုတွေမှာလည်း အာဆင်နယ်ကပိုကောင်းခဲ့ပြီး ရလဒ်ပိုင်းအပြင် ခြေစွမ်းပိုင်းအရပါ ကျေနပ်ပျော်ရွှင်စရာကောင်းကြောင်း နည်းပြအာတေတာကပြောပါတယ်။
အာဆင်နယ်ဟာ လီဗာပူးကိုအနိုင်ရခဲ့လို့ မန်စီးတီးကို ပြန်လည်ကျော်တက်ပြီး အမှတ်ပေးဇယားအဆင့် ၁ မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။