close

ပေါက်ခေါင်းမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လုံခြုံရေးတင်းကျပ်ပြီးကျင်းပ

သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့တိုင်း နှစ်စဥ် ကျင်းပပြုလုပ်မြဲဖြစ်တဲ့ ပေါက်ခေါင်း မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လုံခြုံရေး တင်းကျပ်ပြီး စစ်ကောင်စီက ဦးဆောင်ကျင်းပခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ၁၂ ပွဲဈေးသည်များ၊ ဇာတ်သဘင်များနဲ့  နှစ်စဥ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာလို့ ပေါက်ခေါင်းမြို့ခံတယောက်က ပြောပါတယ်။ 

“အခုနှစ်ကတော့ စစ်ကောင်စီက ဦးစီးပြီးလုပ်တာဆိုတော့ ရဲတွေ၊ စစ်သားတွေ၊ သေနတ်တွေနဲ့ စောင့်နေတော့ ကျက်သရေမရှိဘူးပေါ့။ နောက် သူတို့လုံခြုံရေးချထားတဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသာ ဆွမ်းခံရပြီး၊ ကုန်ဈေးနှုန်းကလည်း ကြီးတာကြောင့်  အရင်တုန်းက အမြဲလောင်းနေတဲ့ အိမ်တွေတောင် မလောင်းနိုင်ကြတော့၊ ဆွမ်းဆန်စိမ်း သိပ်မရကြပါဘူး။ အရင်နှစ်တွေတုန်းက ထော်လာဂျီတွေ၊ ကားတွေနဲ့သယ်ပြီး ပြန်ကြတာ၊ အခုနှစ်က ကျောင်းတိုင်းလည်း မကြွကြဘူး” လို့ ပြောပါတယ်။

ဆွမ်းဆန်ခံတဲ့ ဘုန်းကြီးကျောင်းသားကြီးတဦးက “လူတွေကလည်း အဆင်မပြေကြပါဘူး။ နောက် စစ်ကောင်စီက လုပ်တာဆိုတော့ တချို့ကျောင်းတွေ ကြွတောင်မကြွပါဘူး၊ တချို့ရပ်ဝေးကျေးရွာတွေက ကြွတဲ့ ဘုန်းတော်ကြီးတွေဆို  စရိတ်တောင်မကာမိဘဲ ပြန်ကြရတယ်။ အရင်ကဆိုရင် ကျနော်တို့ ဆန်အိတ်တွေ ထမ်းပြန်ရတာ။ ခုတော့ ဆွမ်းဆန်က ကြက်ကျွေးဖို့လောက်တောင် မရဘူး” လို့ ပြောပါတယ်။

နှစ်စဥ် ဆွမ်းလောင်းနေသူတယောက်က  “ဒီနှစ်က ကုန်စျေးနှုန်းကကြီး၊ အလုပ်အကိုင်က မကောင်း၊ အလုပ်တွေက မရှိကြနဲ့ ဒီကြားထဲ တတ်နိုင်သလောက်လေး လောင်းဖို့ကျ ခါတိုင်းလို ကိုယ့်အိမ်​​ရှေ့မှာတင် လောင်းလို့မရဘူးလေ။ သူတို့ သတ်မှတ်တဲ့နေရာ သွားရဦးမယ်။ အစစ်အဆေးခံရဦးမယ်ဆိုတော့ မလောင်းဖြစ်တော့ပါဘူး” လို့ ပြောပါတယ်။

ဆွမ်းဆန်စိမ်းလောင်းပွဲကို ပေါက်ခေါင်းမြို့ ဗိုလ်ချုပ်ကျောက်ရုပ်ကနေ ဆေးရုံထောင့်အထိ နေရာသတ်မှတ်ပေးထားပြီး အောက်တိုဘာ ၁၀ ရက် နေ့လယ် ၁ နာရီလောက်က စတင်လောင်းလှူခဲ့တာပါ။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် တနှစ်ပဲ ပျက်ကွက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့နှစ်ကလည်း ဘုရားဂေါပကတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ခဲ့ပေမဲ့ အခုနှစ်ကတော့ စစ်ကောင်စီက ဦးဆောင်လုပ်ခဲ့ကြတာပါ။

အရင်နှစ်တွေကတော့ ပွဲစျေးတန်းတွေ၊ ဇာတ်ပွဲတွေနဲ့ ၃ ရက်ကနေ ၅ ရက် တပတ်လောက် လုပ်ပြီး လပြည့်ကျော် ၁ ရက်နေ့ တရက်တည်းပဲ ဆွမ်းလောင်းလှူကြပါတယ်။ 

ပေါက်ခေါင်းတမြို့နယ်လုံးမှာ ဘုန်းကြီးကျောင်းပေါင်း ၁၀၀ ကျော်ရှိပြီး ဒီကနေ့ပွဲကို ကျောင်းအားလုံးရဲ့ သုံးပုံ နှစ်ပုံလောက်ပဲ ကြွကြတယ်လို့ စစ်ကောင်စီ ထွေအုပ်အသိုင်းအ၀ိုင်းကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up