close

အကြမ်းဖက်စစ်တပ်အပေါ် အရေးယူရန်နှောင့်နှေးနေချိန်တွင် မြန်မာကလေးငယ်များ အသက်နှင့် လွတ်လပ်ခွင့်များ ပေးဆပ်နေရဟု သံအမတ်ကြီးပြော

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်စစ်တပ်အပေါ် အရေးယူတုံ့ပြန်ဖို့ နှောင့်နှေးနေချိန်မှာ  မြန်မာကလေးသူငယ်တွေရဲ့ အသက်တွေနဲ့ လွတ်လပ်ခွင့်တွေ ပေးဆပ်နေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက  ကုလသမဂ္ဂမှာ သတိပေးပြောကြားလိုက်ပါတယ်။ 

အောက်တိုဘာ ၁၀ ရက်က နယူးယောက်မြို့မှာကျင်းပတဲ့  (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ခေါင်းစဉ်နဲ့  ဆွေးနွေးပွဲမှာ  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း  မိန့်ခွန်းပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂအနေနဲ့ အထူးသဖြင့် ကလေးသူငယ်တွေရဲ့ အသက်နဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ ဆောင်ရွက်ချက်တွေအပါအဝင် မြန်ဆန်ပြတ်သားတဲ့ ဆောင်ရွက်ချက်တွေ ပြုလုပ်ဖို့ ထပ်မံတိုက်တွန်းကြောင်း၊ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ တာဝန်ယူရမှာဖြစ်ပြီး ဒီတာဝန်ယူဖို့ နောက်ကျနေတယ်လို့ သံအမတ်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေဟာ  စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ အဓိကပစ်မှတ်ထားခံနေရတဲ့ အကြောင်းကို  ၂၀၂၂ ခုနှစ်၊ မတ်လက အသက် ၃ နှစ်ကျော်အရွယ် ကလေးငယ်တယောက် သူ့မိခင်နဲ့ အဘွားတို့နဲ့အတူ ထောင်ဒဏ် ၃ နှစ်ချခံရပြီး ရာဇဝတ်သားလို ဆက်ဆံခံရတဲ့ ဖြစ်စဉ်နဲ့ စက်တင်ဘာလ ၁၆ ရက်က လက်ယက်ကုန်းရွာမှာ ကလေးငယ်တွေကို စစ်တပ်က အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေကို နမူနာပြပြီး သံအမတ်ကြီးက ကုလသမဂ္ဂမှာ  မိန့်ခွန်းပြောသွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းရှိ ကလေးငယ်တွေကို  စစ်ကောင်စီတပ်တွေက မြေပြင်ကရော ရဟတ်ယာဉ်နဲ့ပါ ရက်ရက်စက်စက် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ကလေးငယ် ၇ ယောက်အပါအဝင် အနည်းဆုံး ၁၃ ယောက် သေဆုံးခဲ့ရတာဖြစ်ပြီး အလောင်းတွေကိုလည်း မိဘတွေထံ ပြန်မပေးခဲ့သလို ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ ဆရာမနဲ့ ကျောင်းသားများကိုလည်း ဖမ်းဆီးထားတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပေါင်း ၆၀၀ ကျော်အတွင်း နိုင်ငံတကာအသိုက်အဝန်းထံမှ ရံဖန်ရံခါထွက်ပေါ် လာတတ်တဲ့ မိန့်ခွန်းတွေ၊ ရှုတ်ချမှုတွေနဲ့ တောင်းဆိုမှုတွေရှိခဲ့ပေမဲ့ အကြမ်းဖက်စစ်တပ် အနေနဲ့ ပြစ်မှုကင်းလွတ်ခွင့်အခွင့်အရေးကို ဆက်လက်ရရှိခံစားနေရကြောင်း၊ အကြမ်းဖက်စစ်တပ်ဟာ ကလေးငယ်တွေအပေါ် အကြမ်းဖက်လုပ်ရပ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာကို စိုးရိမ်ပူပန်ကြောင်းနှုတ်နဲ့ပြောကြားမှုတွေဟာ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ရပ်တန့်နိုင်ခြင်းမရှိတဲ့အတွက် ကလေးသူငယ်တွေကို ကာကွယ်ပေးနိုင်ဖို့ တိကျတဲ့ ဆောင်ရွက်ချက်တွေနဲ့ ချက်ချင်းအရေးယူဆောင်ရွက်ဖို့ သံအမတ်ကြီးက တိုက်တွန်းပါတယ်။

တခြားတစ်ဘက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်တွေရဲ့ မူပိုင်အခွင့်အရေးတွေကို ကောင်းမွန်သေချာစွာ ရရှိခံစားနိုင်စေဖို့ ကြိုးပမ်း ဆောင်ရွက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့လည်း သံအမတ်ကြီးက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က တရားမဝင်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁  ရက်ကနေ  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်အထိ အရပ်သားပြည်သူ ၂၃၃၈ ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်စွာသတ်ဖြတ်ခံရပြီး ဒီအထဲက  ၉၁ ဦးဟာ  အသက် ၁၄  နှစ် အောက် ကလေးငယ်တွေဖြစ်ကြကာ ၂၀၉ ဦးကတော့  အသက် ၁၅ နှစ် မှ ၁၉ နှစ် အကြား လူငယ်တွေဖြစ်တယ်လို့  သိရပါတယ်။

Photo Credit-Permanent Mission

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up