close

စစ်ကောင်စီက ရန်ကုန်ရှိ ဆိုင်ကယ်များကို ဖမ်းဆီးပြီး ပဲခူးတွင် လေလံတင်ရောင်းချနေ

အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်မြို့မှာ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ပဲခူးမှာ လေလံတင် ပြန်ရောင်းချနေတယ်လို့ ဆိုင်ကယ်ဝယ်ရောင်းသမားတွေထံက သိရပါတယ်။

ရန်ကုန်တိုင်း တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ သန်လျင်၊ ခရမ်း၊ သုံးခွ စတဲ့မြို့နယ်တွေက ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပဲခူးမှာ လေလံတင် ပြန်ရောင်းချကြတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်ဝယ်ရောင်းသမားတဦးက “အရင်က ဆိုင်ကယ်ဖမ်းရင် ပြန်ရွေးလို့ ရတယ်။ အခု စစ်တပ်က လည်သွားပြီ။ ကောင်းတဲ့ဆိုင်ကယ်တွေဆို ပြန်အရွေးမခံဘူး၊ ပဲခူးဘက်မှာ လေလံစျေးနဲ့ ပြန်ရောင်းတယ်။ စစ်တပ်နဲ့ ပတ်သက်တဲ့သူတွေဆို လေလံဆွဲစရာမလိုဘူး၊ ပိုင်ရာဆိုင်ရာနဲ့ရတယ်”လို့ ပြောပါတယ်။ 

ဆိုင်ကယ်တွေ ဖမ်းဆီးရာမှာ အဖွဲ့အစည်း အစုံအလင်နဲ့ ဖမ်းဆီးပြီး စစ်တပ်တဖွဲ့တည်းသာ ဖမ်းဆီးပါက ငွေကြေးတောင်းကာ ပြန်လွှတ်တယ်လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“မြောက်ဥက္ကလာမှာဆို ကန်သာယာ၊ သုံးလမ်းဆုံ၊ ပတ္တမြား အဲဒီနေရာတွေမှာ ဖမ်းတယ်။ လမ်းဆုံတွေမှာ ပုန်းနေတာ၊ ကားမှတ်တိုင်ရော လမ်းကြားထဲမှာရော ဘယ်လိုမှ မောင်းပြေးလို့မရဘူး။ သူတို့ကျတော့ ပိုက်ဆံလိုချင်လို့ဖမ်းတာ။ ပတ္တမြားမှတ်တိုင်မှာ ဖမ်းတဲ့အဖွဲ့ဆို အင်ဖော်မာတယောက်နဲ့ စစ်သားခြောက်ယောက် ပါတယ်။ ကျနော့်တုန်းက ၇၀,၀၀၀ ပေးရတယ်။”

ထွေအုပ်၊ မီးသတ်၊ ယာဥ်ထိန်းရဲ၊ ရဲနဲ့ စစ်တပ် ပူးပေါင်းဖမ်းဆီးတဲ့ ဆိုင်ကယ်တွေဟာ စစ်ကောင်စီ ရန်ပုံငွေအတွက် ဖမ်းဆီးတာဖြစ်လို့ ပြန်မပေးဘူးလို့ လှိုင်သာယာမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်ဆိုင်ကယ်ဖမ်းတုန်းက ဖောင်ဖြည့်တယ်။ ထွေအုပ်မှာ လာရွေးခိုင်းတာ သွားရွေးတော့ ဗိုလ်ကြီးက အရွေးမခံဘူး။ ပိုက်ဆံပေးလည်း မရဘူး။ မေးကြည့်တာတော့ အဲဒီဆိုင်ကယ်တွေက လေလံဆွဲတာ၊ ပြည်သူ့စစ်တွေကို ပေးတာလို့ကြားတယ်။”

ရွှေပြည်သာမြို့နယ်မှာတော့ စစ်ကောင်စီတပ်သားတွေက ကိုယ်တိုင် ဆိုင်ကယ်စီးပြီး သေနတ်လွယ်ကာ လိုက်လံပစ်ခတ်ဖမ်းဆီးတယ်လို့ မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ရွှေပြည်သာမှာ အခုဆို ရိုးရိုးတောင် မဖမ်းတော့ဘူး။ စစ်သားတွေက နှစ်ယောက် သုံးယောက် ဆိုင်ကယ်စီးပြီး လိုက်ဖမ်းတာ။ သေနတ်တွေလွယ်ပြီး ပြေးရင် သေနတ်နဲ့ပစ်တယ်။”

ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီက ပြည်သူ့စစ်၊ ပျူစောထီးတွေကို PDF တွေရဲ့ သတင်းစုံစမ်းဖို့ ပေးပြီး တချို့ဆိုင်ကယ်တွေကိုတော့ ပဲခူးမှာ လေလံစနစ်နဲ့ ပြန်လည်ရောင်းချတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up