close

ပခုက္ကူတွင် ပစ္စည်းအပေါင်ခံသည့်နေအိမ် ဓားပြတိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ရွှေချောင်းကျေးရွာရှိ ငါးဒိုင်လုပ်ငန်းနဲ့ ပစ္စည်းအပေါင်ခံတဲ့ နေအိမ်ကို အောက်တိုဘာ ၁၂ ရက် ညနေ ၅ နာရီကျော်လောက်မှာ လက်နက်ကိုင် ၅ ယောက်လောက်က သေနတ်တွေနဲ့ချိန်ပြီး ဓားပြတိုက်သွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ရွှေချောင်းရွာရှိ ဦးထိန်လင်း၊ ဒေါ်တင်တင်ဝင်းတို့နေအိမ်ကို ဓားပြတိုက်သွားတာဖြစ်ပြီး ငွေကျပ် ၂၅ သိန်းနဲ့ ရွှေထည်ပစ္စည်းတွေပါသွားကာ စုစုပေါင်းတန်ဖိုးကိုတော့ အတိအကျ မသိရသေးပါဘူး။

အဲဒီ ဓားပြတိုက်တဲ့သူတွေဟာ ဘယ်သူတွေဆိုတာကို မသိရသေးဘဲ ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီဘက်က ရဲတွေ ရောက်လာပြီး စစ်ဆေးမေးမြန်းကာ စီစီတီဗွီ မှတ်တမ်းတွေကိုလည်း ယူသွားကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ပခုက္ကူမြို့မှာ လုယက်၊ အနုကြမ်းစီးမှုတွေဟာ ညပိုင်းတွေမှာသာမက နေ့ခင်းဘက်တွေမှာကို လမ်းမကြီးပေါ်တွေမှာ ဖြစ်ပွားနေတာပါ။ အမျိုးသမီးတွေဆိုရင် တန်ဖိုးကြီး လက်ဝတ်ရတနာတွေနဲ့ ဆိုင်ကယ်အကောင်းစားတွေစီးပြီး လမ်းပေါ်ကို တယောက်တည်း ထွက်ရင် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တယ်လို့ မြိုခံတွေက ဆိုပါတယ်။

ပခုက္ကူမြို့မှာ ဇူလိုင် ၄ ရက် မနက်ပိုင်းကလည်းက မြို့မစျေးရှိ ရှမ်းဧကရီရွှေဆိုင် ဓားပြအတိုက်ခံရလို့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေ ဆုံးရှုံးခဲ့သလို ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းကလည်း အထည်ချုပ်စက်ရုံလုပ်သားတွေအတွက် လစာငွေ သိန်း ၂,၀၀၀ ကျော်နဲ့ ကားတစီးကို ဓားပြတိုက်သွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up