close

ဘားအံခရိုင် ကြံ့ခိုင်ရေးဥက္ကဋ္ဌ နေအိမ်တွင် ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမည (ဘေးမဲ့သာသနာ့နယ်မြေ) ကျေးရွာမှာ  အောက်တိုဘာ ၁၃ ရက် မနက် ၇ နာရီလောက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဘားအံခရိုင်ဥက္ကဋ္ဌ ဦးခွန်အောင်ကျော်မိုးဟာ နေအိမ်မှာ အမည်မသိ လက်နက်ကိုင်တွေက သေနတ်နဲ့ပစ်သတ်ခံရတယ်လို့  ဒေသခံတယောက်က ပြောပါတယ်။

သေဆုံးသူ ဦးခွန်အောင်ကျော်မိုးဟာ ဘားအံ-မြဝတီ (သာမညအတွင်း) လမ်းမတန်း (ကုန်စိမ်းဈေး) အနီး နေအိမ်မှာ လျှပ်စစ်ပစ္စည်းမျိုးစုံရောင်းချဖို့ ဆိုင်ဖွင့်နေစဉ် သေနတ်သမားတွေက ပစ်ခတ်ခဲ့တဲ့အတွက် ဦးခေါင်းနဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနှစ်ချက် ရရှိပြီး နေရာမှာတင် သေဆုံးခဲ့တာပါ။

အခင်းဖြစ်ပွားရာအနီး နေထိုင်သူတယောက်က “မနက်ဆိုင်ဖွင့်နေတုန်းမှာ အသိတယောက်က ဟိုမှာ သေနတ်နဲ့ပစ်နေပြီလို့ လာပြောတယ်။ ပစ်ခတ်သံက အလှူခံမဏ္ဍပ်က စက်သံနဲ့ မကြားရဘူး။ လှမ်းကြည့်လိုက်တော့ လူတွေဝိုင်းကြည့်နေတာကို တွေ့ရတယ်။ ခဏနေတော့ လူနာတင်ကား ရောက်လာတယ်။ ခေါင်းနဲ့ ရင်ဘတ် ၂ ချက်ထိပြီး သွေးအိုင်ထဲလဲနေတာ။ ဘယ်အဖွဲ့ပစ်တယ် ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။

သေဆုံးသူ ဦးခွန်အောင်ကျော်မိုးဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတယောက် ဖြစ်သလို ကျေးရွာမီးလင်းရေးဥက္ကဋ္ဌ တာဝန်ယူခဲ့စဉ်က မီးလင်းရေးကော်မတီနဲ့ ဒေသခံပြည်သူတွေကြား ငွေကြေးအငြင်းပွားမှု ဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ ကျေးရွာအတွင်းက လူငယ်တွေကို စစ်ကောင်စီဆီ သတင်းပေးခဲ့တဲ့အတွက် လူငယ်အများအပြား ဖမ်းဆီးခံရတာတွေ ရှိခဲ့တဲ့အပြင် လွတ်မြောက်နယ်မြေအတွင်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့လကလည်း နေအိမ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ် သတိပေးခံခဲ့ရသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဦးခွန်အောင်ကျော်မိုးဟာ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်အရွေးခံခဲ့ပါတယ်။

အဆိုပါပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းမတန်းအနီးနဲ့ ဈေးအနီးတဝိုက် လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာ သာမညကျေးရွာဟာ သာမညတောင်ဆရာတော်ကြီး ရှိစဉ်တည်းက သက်သက်လွတ် ဘေးမဲ့တောင်အဖြစ် သတ်မှတ်ထားပေမဲ့ ကျေးရွာအတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ BGF၊ DKBA၊ KNU/KNLA(PC) တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လှုပ်ရှားနေတဲ့အပြင် နေထိုင်သူတွေလည်း ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up