close

အာဏာသိမ်း ၁ နှစ်ခွဲကျော်အတွင်း စစ်တပ်က ပြည်သူ ၂၃၅၀ ကို ပစ်ခတ်သတ်ဖြတ်ခဲ့ဟု အေအေ ပီပီ ထုတ်ပြန်

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၃၅၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၈၄၁ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၆၄၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၅၄၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၇၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၀ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်ည ၉ နာရီလောက်က ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ ရုံး ၂ ခု မီးလောင်မှု ဖြစ်ပွားနေချိန် တီးတိန်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ၂၆၉ က လက်နက်ကြီးနဲ့ ရမ်းသန်းပစ် ခတ်ခဲ့တာကြောင့် လိုင်လုံး ကျေးရွာ (Lai Lui) မှာ နေထိုင်တဲ့ ညန်လျန်ဝုန် (Ninng Lian Vun) ဟာ နေအိမ်အတွင်း အိပ်ပျော်နေချိန် ဦးခေါင်းကို လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့ အပြင် အမျိုးသား တယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဂါးဂလော်ကျေးရွာမှာ နေထိုင်တဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့မှ ကင်းထောက် ၂ ယောက်ဖြစ်ကြတဲ့ ကိုရဲနှင်းဝေနဲ့ ကိုလှိုင်းဇော်ဦးတို့ကို အကြမ်းဖက်စစ်အုပ်စု တပ်က ပြီး ခဲ့တဲ့ အောက်တိုဘာ ၈ ရက်မှာ ဖမ်းဆီးခဲ့ပြီး ညှဉ်းပန်း နှိပ်စက်ပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ ၂ ယောက်ဟာ မန္တလေး-မြစ်ကြီးနားလမ်းဘေးက ဇင်းကျေးရွာက ထွက်ခွာလာတဲ့ ခြေမြန်တပ်ရင်း ၃၆၇ က စစ်သား ၇၀ လောက်ပါဝင်တဲ့ စစ်ကြောင်းကို လိုက်လံကင်းထောက်နေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့ အဲဒီနေ့ညနေမှာပဲ ဇင်းကျေးရွာနဲ့ ဘောရွာအကြား လမ်းပေါ်မှာ  ဒဏ်ရာအ များအပြားနဲ့ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up