ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် ရုရှားကို IMF အဖွဲ့ဝင်နိုင်ငံများ တောင်းဆို

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အဖွဲ့ဝင်နိုင်ငံတွေဟာ အောက်တိုဘာ ၁၄ ရက်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားကို တညီတညွတ်တည်းနီးပါး တောင်းဆိုခဲ့တယ်လို့ IMF ရဲ့ ဦးဆောင်ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
ဒီစစ်ပွဲဟာ ငွေကြေးဖောင်းပွမှုကို လှုံ့ဆော်ပေးပြီး ကမ္ဘာ့စီးပွားရေးကို နှေးကွေးစေတဲ့ တစ်ခုတည်းသော အကြီးမားဆုံးအချက်လို့လည်း ခေါ်ဆိုလိုက်ပါတယ်။
“ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ်က အန္တရာယ်အသစ်တွေကို ဖန်တီးလိုက်ကြောင်း၊ နိုင်ငံတကာဈေးကွက်တွေ၊ စွမ်းအင်၊ အစားအစာနဲ့ တခြားကုန်ကြမ်းတွေအတွက် တုန်လှုပ်ချောက်ချားမှုတွေကြောင့် စားနပ်ရိက္ခာဖူလုံမှုအပြင် ငွေကြေးတည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေပါတယ်”လို့ စပိန်စီးပွားရေးဝန်ကြီး နာဒီယာကယ်လ်ဗီနိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
IMF အဖွဲ့ဝင်နိုင်ငံတွေဟာ IMFC မှာ ဆွေးနွေးခဲ့တဲ့ ပြဿနာအားလုံးကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ စာရွက်စာတမ်းအပြည့်အစုံကို သဘောတူနိုင်ခဲ့ကြောင်း ဝန်ကြီး နာဒီယာက ပြောကြားပါတယ်။
ဒါပေမဲ့ ဒီနှစ်ပတ်လည်အစည်းအဝေးတွေမှာ ဆွေးနွေးခဲ့ကြတဲ့ အဓိကကိစ္စတွေအားလုံးကို ရုရှားက ပိတ်ဆို့ခဲ့ပြီး တညီတညွတ်တည်း ပူးတွဲထုတ်ပြန်ရမယ့်ကိစ္စတွေမှာလည်း ရုရှားက ထပ်မံ တားမြစ်ခဲ့ကြောင်း စပိန်စီးပွားရေးဝန်ကြီးက ပြောပါတယ်။