close

ကန့်ကွက်နေသည့်ကြားမှ စစ်ကောင်စီနှင့် ထပ်တွေ့ရန် မွန်ပြည်သစ်ပါတီ သဘောတူ လက်မှတ် ရေးထိုး

မွန်အဖွဲ့အစည်းတွေနဲ့ မွန်လူငယ်အများစု တားမြစ်ကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီနဲ့ နောင်ဆက်လက် တွေ့ဆုံဆွေးနွေးသွားဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက အောက်တိုဘာ ၁၅ ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ စစ်ခေါင်းဆောင် အပါအဝင် စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။

မွန်ပြည်သစ်ပါတီကတော့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးအမြန်ဆုံးရနိုင်ဖို့ မြန်မာ့တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုကြောင်း အကြုံပြုခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်သလို အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်စေလိုကြောင်း အကြံပြုတိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်း ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးမှု ဆက်လက်မဖြစ်ပေါ်စေဖို့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း အကြံပြုခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ဆိုပါတယ်။

စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးစဉ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်းနဲ့ ဇယား (၂) တိုင်းဒေသကြီး/ပြည်နယ် ဥပဒေပြုစာရင်း၊ (၉) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက်ညှိနှိုင်းဆွေးနွေးရမယ့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့ စတဲ့အချက်တွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အဲဒီဆွေးနွေးချက်တွေထဲမှာ မွန်ပြည်သစ်ပါတီက မရှင်းလင်းတာတွေကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ပါတီတွင်း အသေးစိတ် ဆွေးနွေးပြင်ဆင်ဖို့ လိုအပ်နေတဲ့အတွက် နောင်ဆက်လက်တွေ့ဆုံဆွေးနွေးသွားဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မွန်အဖွဲ့အစည်းတွေနဲ့ မွန်လူငယ်အများစု တားမြစ်ကန့်ကွက်နေတဲ့ကြား စစ်ကောင်စီနဲ့ ထပ်မံ တွေ့ဆုံဖို့ သဘောတူ လက်မှတ်ရေးထိုးမှုနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေး အပါအဝင် ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်တို့ကို DVB က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up