close

သြစတြေးလျကျန်းမာရေးအာမခံကုမ္ပဏီ ‌‌ဖောက်သည် ၄ သန်းခန့်၏ အချက်အလက်များ ခိုးယူခံရ

သြစတြေးလျရဲ့ အကြီးမားဆုံး ကျန်းမာရေးအာမခံကုမ္ပဏီဖြစ်တဲ့ မက်ဒီဘဏ် ပရိုက်ဗိတ်ဟာ သူ့ဖောက်သည် ၄ သန်းနီးပါးရဲ့ အချက်အလက်တွေကို ဆိုက်ဘာဟက်ကာကနေ ခိုးယူသွားခဲ့တာကြောင့် ပထမနှစ်ဝက် ဝင်ငွေအတွက် ဩစတြေးလျဒေါ်လာ ၂၅ သန်းကနေ ၃၅ သန်းထိ ထိခိုက်မှုရှိခဲ့တယ်လို့ ကြေညာပါတယ်။

သူ့ဖောက်သည်တွေအားလုံးရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ အများအပြားကို အခုလအတွင်း ချိုးဖောက် ခိုးယူခံရကြောင်း အစီရင်ခံခဲ့ပြီး နောက်ထပ် အချက်အလက် ခိုးယူခံရမယ့် ဖောက်သည်အရေအတွက် ပိုများလာနိုင်ကြောင်း သတိပေးထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကုမ္ပဏီရှယ်ယာတွေဟာ ၁၄ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ စာရင်းသွင်းထားခဲ့ကတည်းက တရက်အတွင်း အကြီးဆုံး ထိုးကျသွားတာဖြစ်ပါတယ်။

ခန့်မှန်းကုန်ကျစရိတ်ထဲမှာ နောက်ထပ် ဖြစ်နိုင်ခြေရှိတဲ့ ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေးစရိတ်တွေ မပါဝင်သေးဘူးလို့ မက်ဒီဘဏ်က ပြောပါတယ်။

သြစတြေးလျနိုင်ငံသား ၆ ပုံ ၁ ပုံလောက်ကို အကျုံးဝင်တဲ့ မက်ဒီဘဏ်ဟာ ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ပြီး အမြတ်ငွေ ဩစတြေးလျဒေါ်လာ ၃၉၄ သန်းလောက် ရရှိခဲ့ကြောင်း သြဂုတ်လက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up