close

ဖားကန့် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းကြောင်း ‘ဝ’ နှင့် ‘မိုင်းလား”အဖွဲ့တို့ ကြေညာ၊ နောက်ဆက်တွဲဖြစ်လာမည့်အခြေအနေ စောင့်ကြည့်နေ

ကေအိုင်အေရဲ့ ၆၂ နှစ်မြောက် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး လူပေါင်းများစွာသေကျေဒဏ်ရာရခဲ့တဲ့အပေါ် တုန်လှုပ်ဝမ်းနည်းကြောင်း  UWSA ဝပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့နဲ့  NDAA  ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄  မိုင်းလားတပ်ဖွဲ့တို့က သဘောထားထုတ်ပြန်ပါတယ်။ 

UWSA အနေနဲ့ ဒီဖြစ်စဉ်သတင်းကို ကြားသိရစဉ် များစွာအံ့ဩတုန်လှုပ်ခဲ့ကြောင်းနဲ့ ဒီဖြစ်စဉ်မှာ အသက်ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေအပေါ်နှမြောတမ်းတမှုနဲ့အတူ ကျန်ရစ်သူမိသားစုတွေ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့နဲ့ ထပ်တူဝမ်းနည်းကြေကွဲခံစားရတယ်လို့ အောက်တိုဘာ ၂၆ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

UWSA ဟာ ဒီလိုဆိုးဝါးခါးသီးလှတဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့်အခြေအနေ အရပ်ရပ် ကို အထူးဂရုပြုစောင့်ကြည့်နေကြောင်း၊ ပဋိပက္ခနဲ့သက်ဆိုင်တဲ့သူတွေကိုလည်း အသက်ပေါင်းများစွာ သေကျေပျက်စီးစေတဲ့ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေရှောင်ရှားရေး၊ လူ့အဖွဲ့အစည်းနဲ့လူမျိုးစု ကြားချစ်ကြည်ရေး၊ မျိုးရိုးစဉ်ဆက်ရန်ငြိုးနဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းရေးနည်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။ 

ဒါ့အပြင် လူ့အခွင့်အရေးပဋိညာဉ်စာတမ်းအရအပြစ်မဲ့ပြည်သူတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ပဋိပက္ခဖြစ်စဉ်တိုက်ခိုက်မှုများကြားမှာ အတတ်နိုင်ဆုံး၊ အထိရောက်ဆုံး ကာကွယ်စောင့်ရှောက်ဖို့လည်း တောင်းဆိုထားပါတယ်။

အလားတူ NDAA မိုင်းလားတပ်ဖွဲ့ရဲ့  ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်း ရေးနဲ့ စည်းလုံးရေးကော်မတီကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူတွေ သေကျေခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လွန်စွာတုန်လှုပ်မိကြောင်း၊ စစ်ပွဲဒဏ်ကြောင့် ပြည်သူတွေနေရပ်စွန့်ခွါရ ၊ မိသားစုတကွဲတပြားဖြစ်ပြီး အသက်ဆုံးရှုံးရကြောင်း ၊ ဒါကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း ရေးသားထုတ်ပြန်ထားပါတယ်။

ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ အောက်တိုဘာ ၂၃ ရက်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ၆၂ မြောက်ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကျင်းပနေချိန်  စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃ စီးနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် KIA တပ်ဖွဲ့ဝင်တွေ၊ ကချင်အနုပညာရှင် ၊ တေးဂီတတီးဝိုင်းအဖွဲ့ဝင်တွေနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်နဲ့ ကချင်အရပ်သားပြည်သူတွေပါ စုစု ပေါင်း  ၆၀ ကျော်သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up