ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် ရေကြီးမြေပြိုပြီး အနည်းဆုံး လူ ၃၁ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ၊ တောင်ပိုင်းပြည်နယ်တွေမှာ ရွာအတော်များများကို ချဉ်းကပ်ဝင်ရောက်လာတဲ့ အပူပိုင်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ပြီး အနည်းဆုံး လူ ၃၁ ယောက် သေဆုံးခဲ့ကြောင်း အစိုးရအကြီးတန်းအရာရှိတယောက်က အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။
မာ့ဂင်းဒနောင်ခရိုင်ထဲရှိ စည်ပင်သာယာနယ်မြေ အများအပြားကို ထိခိုက်ခဲ့ရပြီး ပျောက်ဆုံးနေသူတွေ၊ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေ လိုက်ရှာဖွေနေတယ်လို့ တောင်ပိုင်း မင်ဒါနောင်ကျွန်းရှိ ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ပြည်ထဲရေးဝန်ကြီး နာဂွစ်ဘ် ဆီနာရင်မ်ဘိုက ပြောပါတယ်။
ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမဲ့ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ မပြောနိုင်သေးဘူးလို့ ဆီနာရင်မ်ဘိုက ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက် ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် သောကြာနေ့မှာတော့ ရာသီဥတု အနည်းငယ် ကောင်းမွန်လာကြောင်း သူက ပြောပါတယ်။
လေတိုက်နှုန်း တနာရီကို မိုင် ၉၀ နှုန်းနဲ့ တိုက်ခတ်နေတဲ့ အပူပိုင်းမုန်တိုင်း Nalgae ဟာ ဖိလစ်ပိုင်အလယ်ပိုင်းကို ချဉ်းကပ်လာပြီး သောကြာနေ့ ညပိုင်းမှာ ကုန်းတွင်းပိုင်း ဝင်ရောက်လာနိုင်ကာ အောက်တိုဘာ ၂၉ ရက်မှာ မြောက်ဘက်ရှိ လူဇွန်ကျွန်းဘက်ကို ဦးတည်ရွေ့လျားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။