ရုရှားနိုင်ငံ နိုက်ကလပ်တခုတွင် မီးလောင်၊ ၁၃ ဦး သေဆုံး

ရုရှားနိုင်ငံ ကော့စ်ထရိုမာ မြို့ရှိ နိုက်ကလပ်တစ်ခုမှာ ညလုံးပေါက်မီးလောင်မှုအတွင်း အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်မှာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
မော်စကိုမြို့ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၀၀ အကွာက ဗော်လ်ဂါမြစ်ကမ်းနားရှိ ကော့စ်ထရိုမာမြို့က ဘက်စုံသုံး အပန်းဖြေနေရာဖြစ်တဲ့ ပိုလီဂွန် မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။
မနက် ၃ နာရီ ၅ မိနစ်အချိန်မှာ ဒုတိယ မီးသတ်အမိန့်စာ ရောက်ရှိလာပြီးနောက် မီးလောင်မှုကို လယ်ဗယ် ၃ ကို တိုးပြီး ငြှိမ်းသတ်ခဲ့ကြောင်း ကော့စ်ထရိုမာ ဒေသရှိ အရေးပေါ် အခြေအနေဆိုင်ရာ ဝန်ကြီးဌာန-အီမာကွန် ဌာနအကြီးအကဲ ဒီမစ်ထရီ ကော်နိဗ် က ပြောပါတယ်။
ဧရိယာ ၃၅၀၀ စတုရန်းမီတာမှာ မီးပျံ့နှံ့သွားလို့ မီးငြှိမ်းသတ်ရာမှာ ပိုရှုပ်ထွေးသွားပြီး ခေါင်မိုးပြိုကျမယ့်အန္တရာယ်လဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မနက် ၇ နာရီ ၂၉ မိနစ်မှာ မီးငြိမ်းသွားခဲ့ပြီး ဒဏ်ရာရသူ ၅ ဦးရှိကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တရားရေး စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ မီးလောင်မှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက်ကို ရှင်းရှင်းလင်းလင်း ဆောင်ရွက်နေတယ် လို့ ဖော်ပြထားပါတယ်။
အမျိုးသား တစ်ဦးဟာ အချက်ပြမီးသေနတ်နဲ့ အဆောက်အဦထဲကို ပစ်ခတ်ခဲ့ပြီးနောက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TASS သတင်းဌာနက စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောကြားချက်အတိုင်း ကိုးကားဖော်ပြသွားပါတယ်။