close

ဖယ်ခုံ လအိရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ ကလေး ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ

Photo : UKSY

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာဘက်ကို အောက်တိုဘာ ၉ ရက်ညက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် တယောက် အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာထဲကို လက်နက်ကြီးကျည် နှစ်လုံးကျတယ်။ အိမ်တလုံးကတော့ တော်တော်ပျက်စီးသွားတယ်။ ဘေးပတ်ပတ်လည်မှာရှိတဲ့ အိမ်တွေရဲ့ ရေချိုးခန်း၊ ရေကန်ရယ်၊ အိမ်သာတွေလည်းထိတယ်။ ပြီးရင် အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး ထိတယ်။ အမျိုးသမီးတဦးကတော့ စိုးရိမ်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် အသက် ၈၁ နှစ်အရွယ် ဒေါ်မူထန့်၊ ၄၄ နှစ်အရွယ် ဒေါ်မူမားသ၊ ၅၆ နှစ်အရွယ် ဦးကိုင် (စိုးရိမ်ရ) နဲ့ ၈ နှစ်အရွယ် ကလေးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အရင်ကလည်း လအိရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ချိန်ရွယ်ပစ်ခတ်ခဲ့တာရှိခဲ့ပေမယ့် အခု တခါမှသာ ရွာအတွင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ထိမှန်ပျက်စီးပြီး ပြည်သူတွေ ဒဏ်ရာရတာလို့ ဆိုပါတယ်။

“အရင်ကလည်း စကစ က လက်နက်ကြီးနဲ့ ယမ်းထုနေကြပဲ။ ဒါပေမဲ့ ခုလိုရွာထဲကိုတော့ မကျဘူးရှင့်။ ဒီတခါတော့ ထိတဲ့ လေးဦးထဲမှာ အမျိုးသမီး တဦးကတော့ စိုးရိမ်ရတယ်။ အမျိုးသား ကလေးငယ်ကတော့ ပွန်းပဲ့ ဒဏ်ရာပဲရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကယား (ကရင်နီ) နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ် ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပေါင်း ၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၁,၆၁၈ ဦးနဲ့ ပြည်သူကာကွယ်ရေးတပ်ဘက်က ၁၈၃ ဦး ကျဆုံးခဲ့ပါတယ်။

စစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အရပ်သား ၃၇၉ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ပျက်စီးတဲ့ ဘာသာရေးအဆောက်အဦ ၂၇ ခု၊ နေအိမ်ပေါင်း ၁၂၄၇ အိမ်ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက နို၀င်ဘာ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up