close

မတ္တရာတွင် WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ၊ ရောင်းသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေး

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရွှေဘောင်ကျေးရွာမှာ နိုဝင်ဘာ ၁၀ရက်နေ့က WY စိတ်ကြွမူးယစ်ဆေးပြား ၁၀၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ နဂါးနီပြောက်ကျား မတ္တရာမြို့နယ်က တာဝန်ရှိသူတဦးက ပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်နေသူရဲ့ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးရှာဖွေချိန်မှာ WY စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

"သူတို့မူးယစ်ဆေးရောင်းတာကိုအစကတည်းက သိပြီးသားပါ၊ ခေါင်းဆောင်ကိုလည်း လွန်ခဲ့တဲ့တလက ရှင်းလင်းခဲ့ပြီးပါပြီ။ ဒါကို မငြိမ်သေးဘဲ သတင်းတွေဆက်ထွက်လာလို့ သူ့တပည့်တွေကို အရင်၀င်ဖမ်းပြီး မူးယစ်ဆေးတွေ ဖော်ခိုင်းခဲ့တာပါ" လို့ နဂါးနီပြောက်ကျား မတ္တရာမြို့နယ်က တာဝန်ရှိသူတဦးက ပြောပါတယ်။

မူးယစ်ဆေးရောင်းဝယ်ပြီး စစ်ကောင်စီတပ် သတင်းပေးဖြစ်သူ ဗိုလ်မြင့်ဆိုသူကို လွန်ခဲ့တဲ့လက ပစ်ခတ်ရှင်းလင်းခဲ့ပေမယ့် ဗိုလ်မြင့်တပည့်တွေက ထပ်မံရောင်းဝယ်နေတာကြောင့် သွားရောက်ရိုက်နှက်ဆုံးမခဲ့တာလို့ ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ WY စိတ်ကြွမူးယစ်ဆေးပြားတွေကို မီးရှို့ဖျက်ဆီးသွားမယ်လို့လည်း ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးရောင်းသူတွေ များလာတာကြောင့် သုံးစွဲသူများလာပြီး စစ်ကောင်စီတပ် တာဝန်ရှိသူတွေက အ ရေးယူ ဖမ်းဆီးဆောင်ရွက်တာမျိုးမရှိဘူးလို့ ပြောပါတယ်။ 

မူးယစ်ဆေးရောင်းဝယ်နေသူတွေကို နောက်ဆုံးအနေနဲ့သတိပေးခြင်းဖြစ်တယ်လို့လည်း နဂါးနီပြောက်ကျားတပ်ဖွဲ့ မတ္တရာက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up