ရုရှားအတွက် လက်နက်ထောက်ပံ့နေသည့် အီရန်ကို အပြစ်ပေးရန် ဆွီဒင် တိုက်တွန်း

ယူကရိန်းကို တိုက်ခိုက်ရာမှာသုံးဖို့ ရုရှားကို မောင်းသူမဲ့လေယာဉ် ဒရုန်းတွေနဲ့ ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့ အီရန်ကို ဥရောပသမဂ္ဂက အပြစ်ပေးသင့်တယ်လို့ ဆွီဒင်က နိုဝင်ဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။
ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး တိုဘိယက်စ် ဘီလ်စထရောင်းမ်က “တရားခံတွေကို ရှာတွေ့နိုင်ရင် သေချာပေါက် အရေးယူမှုတွေ ရှိသင့်တယ်လို့ ကျနော်ထင်ပါတယ်” လို့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
“ယူကရိန်းကို ကျူးကျော်ရာမှာ ရုရှားကို ကူညီတဲ့သူတွေ တနည်းနည်းနဲ့ အပြစ်ပေးခံရဖို့ရှိတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုက ဒါကို တာဝန်ရှိတဲ့သူတွေကို အပြစ်ပေးတာလို့ ကျနော်မြင်တယ်” လို့ ဘီလ်စထရောင်းမ်ကက ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုအပြီးမှာ ပြောခဲ့တာပါ။
အီးယူအဖွဲ့ဝင်နိုင်ငံတွေဟာ အီရန်ဒရုန်းတွေကို ရုရှားဆီ ပို့ဆောင်မှုအတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတခုနဲ့ လူသုံးဦးရဲ့ ပိုင်ဆိုင်မှုတွေကို ရပ်တန့်ဖို့ သဘောတူထားပြီးပါပြီ။
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို အင်အား ကျယ်ကျယ်ပြန့်ပြန့် သုံးနေတယ်လို့ အီးယူအဖွဲ့က ပြောတဲ့ အကြောင်းပြချက်နဲ့ အီရန် လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် ဝန်ကြီးတွေက တနင်္လာနေ့မှာ ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ခဲ့ပါတယ်။
ဘီလ်စထရောင်းမ်က အီရန် နျူးကလီးယား သဘောတူညီချက်အတွက် ညှိနှိုင်းဖို့ နေရာရှိသေးတယ်လို့ ယုံကြည်ပေမဲ့ အီရန်အစိုးရက လူ့အခွင့်အရေး သဘောတူညီချက်ကို ချိုးဖောက်တဲ့အတွက် အပေးအယူ မလုပ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။