close

ဒီးမော့ဆို၌ မူကြိုကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ ကလေးငယ် ၁ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါနိကူးကျေးရွာ မူကြိုကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ကျောင်းအတွင်းကို လက်နက်ကြီးကျပြီး ကျောင်းတွင်းခိုလှုံနေတဲ့ စစ်ရှောင် ကလေးငယ်တယောက် သေဆုံးကာ   မိသားစုဝင် ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာ ၁၅  ရက်ညနေ ၅ နာရီကျော်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပစ်ခတ်ခဲ့ရာမှာ ဒေါနိကူးကျေးရွာထဲကို   လက်နက်ကြီးကျည် ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး တလုံးကတော့ စစ်ရှောင်တွေနေထိုင်တဲ့ မူကြိုကျောင်းမှာ ကျရောက်ခဲ့တာလို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မူကြိုကျောင်းမှာ လက်နက်ကြီးကျရောက်လို့  စစ်ရှောင် မိသားစုတစ်စု လက်နက်ကြီးစထိမှန်တဲ့အတွက်  ၅ နှစ်အရွယ်ကလေးငယ် သေဆုံးသလို ကလေးငယ် ၂ ယောက်နဲ့ လူကြီး  ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“အဲဒီ မူကြိုကျောင်းထဲမှာ မိသားစုဝင်  ၉ ယောက်ရှိတယ်။ အကုန်လုံးထိတယ်ပေါ့လေ။ ဒီမနက်မှာ‌တော့ ကလေးငယ် တယောက်ဆုံးသွားတယ်။ ပြီး‌တော့ သူ့အဖေက နည်းနည်းစိုးရိမ်ရတဲ့ အနေအထားရှိတယ်။ အဲတော့ ၁ ဦးသေတယ်။ ၈ ဦးဒဏ်ရာရတယ်။ အဲဒီထဲမှာ မှ ၃ ယောက်က စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။” 

ဒဏ်ရာရသူတွေထဲမှာ ၉ လအရွယ် ကလေးလည်းပါဝင်ပါတယ်။ ဒီးမော့ဆိုမှာ ဒီနိုဝင်ဘာလအတွင်း တိုက်ပွဲလည်းဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဘက်က လူထုတွေရှိတဲ့နေရာတွေကို ဦးတည်တိုက်ခိုက်နေတာလို့  KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက‌ပြောပါတယ်။ 

“တိုက်ပွဲလည်းမရှိဘူး ပြီးတော့ အဲဒီရွာတွေဆိုတာက ရွာသားတွေပဲ ရှိတဲ့နေရာပေါ့နော်။ ကျနော်တို့ တပ်ရင်းတပ်ဖွဲ့လည်းဘာမှမရှိဘူး။ ကျနော်တို့ ဒီနိုဝင်ဘာလ အစကနေ အခုအချိန်ထိပေါ့လေ။ ရင်ဆိုင်တိုက်ပွဲတွေမဖြစ်ဘူးပေါ့နော်။ တိုက်ပွဲငယ်လေးတွေတော့ဖြစ်တာရှိတယ်။ ဒါပေမဲ့ အဲလို တိုက်ပွဲနဲ့ မသက်ဆိုင်ဘဲ တကယ့် အရပ်သားတွေနေထိုင်တဲ့ ရွာတွေထဲကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာပိုလုပ်လာတယ်။ ပြီးရင်သူက မနားတော့ဘူး နေ့တိုင်းလိုလိုပစ်နေတယ်။ လူထုကိုပဲ သက်သက် ပစ်မှတ်ထားပြီး တိုက်ခိုက်နေသလိုမျိုး လုပ်ဆောင်လာတာ။” 

နိုဝင်ဘာ ၁၄ ရက် ည ၁၀ နာရီခွဲလောက်ကလည်း စစ်တပ်က ဖယ်ခုံမြို့နယ်တနေရာကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း  ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က သတင်းထုတ်ပြန်ပါတယ်။

ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်အများစု သွားရောက်ခိုလှုံနေတဲ့  အနောက်ခြမ်းဒေသက ကျေးရွာတွေဆီကို အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ စစ်ရှောင်တွေ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ကနေ  ၁၅ ရက်နေ့ အထိ ၂ ပတ်အတွင်း  ကရင်နီပြည်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အရပ်သား ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅၁ လုံး ပျက်စီးခဲ့တယ်လို့ KNDF က ဒီကနေ့မှာ သတင်းထုတ်ပြန်မထားပါတယ်။

လက်နက်ကြီးကြောင့် လွိုင်ကော်မြို့နယ်မှာ လူနေအိမ် ၂၈ လုံး၊ အရပ်သား ထိခိုက်မှု ၁၂ ဦး၊ ဒီးမော့ဆိုမြို့နယ်မှာ လူနေအိမ် ၁၃ လုံး၊ အရပ်သား ထိခိုက်မှု ၈ ဦး၊ သေဆုံး ၁ဦး၊ ဖရူဆိုမြို့နယ်မှာ နေအိမ် ၃ လုံးနဲ့ ဖယ်ခံမြို့နယ်မှာ နေအိမ် ၇ လုံး၊ အရပ်သား ၈ ဦး ထိခိုက်ပျက်စီးခဲ့ရပါကြောင်း KNDF က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up