မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်ခဲ့ဟု တောင်ကိုရီးယား ပြော

မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၁၈ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်လောက်က ပြုံယမ်းရဲ့ ဆူနန်ဒေသကနေ အရှေ့ပင်လယ်ထဲကို တိုက်ချင်းပစ်ဒုံးကျည် (ICBM) ပစ်ခတ်ခဲ့ကြောင်း တွေ့ရှိခဲ့ရတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
တောင်ကိုရီးယားစစ်တပ်ရဲ့ ပူးတွဲဦးစီးအရာရှိချုပ် (JCS) ပြည်သူ့ရေးရာပိုင်း အကြီးအကဲ ကင်မ်ဂျွန်ရက်ခ်က “မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ တိုက်ချင်းပစ်ဒုံးကျည် ICBM ဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆိုးရွားစွာ ခြိမ်းခြောက်မှုဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းကို ခြိမ်းခြောက်မှုတခုလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာလည်း ဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်လို့ အလေးအနက် သတိပေးအပ်ပြီး ချက်ချင်းရပ်တန့်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ပါတယ်” လို့ ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနဲ့ဂျပန် နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူတွေက အစီရင်ခံ တင်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ မနေ့တုန်းက ဒုံးကျည်အသေးတစင်း ပစ်လွှတ်ခဲ့ပြီးတော့ ကိုရီးယားကျွန်းဆွယ်မှာ ဒေသတွင်း လုံခြုံရေးအခြေအနေကို မြှင့်တင်တဲ့ အမေရိကန်ကို ပြင်းထန်တဲ့ စစ်ရေးတုံ့ပြန်မှု သတိပေးချက်ပေးပြီး နောက်တရက်မှာပဲ ICBM ကို ပစ်လွှတ်လာတာပါ။
ဒုံးကျည်ဟာ အမြင့်ပေ ၆,၁၀၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး အမြင့်ဆုံးအမြန်နှုန်း ၁,၀၀၀ ကီလိုမီတာလောက်နဲ့ ပျံသန်းခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ခန့်မှန်းထားပါတယ်။