close

မြန်မာအတွက် ဆုတောင်းပေးနေဟု အိုကာမီကို အနိုင်ထိုးသတ်ပြီးနောက် အောင်လအန်ဆန်ပြော

စင်ကာပူနိုင်ငံမှာ နိုဝင်ဘာ ၁၉ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ONE Championship  MMA ကိုယ်ခံပညာဘက်စုံသုံး ထိုးသတ်ပွဲမှာ  မြန်မာကိုယ်စားပြုယှဉ်ပြိုင်တဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန်က ဂျပန်ဖိုက်တာ အိုကာမီကို ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရသွားပါတယ်။

ပွဲစတင်တာနဲ့ နှစ်ယောက်ဆိုင်ပြီးနောက် အိုကာမီက အောင်လကို ဖမ်းချုပ်လှဲချပြီး ထိုးသတ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပဲ နောက်တကြိမ်ထပ်ဆိုင်အပြီးမှာ အောင်လရဲ့ ညာဒူးတိုက်ချက် အိုကာမီရဲ့ မျက်နှာနဲ့ခေါင်းကို ထိသွားလို့လဲကျသွားပြီးနောက် အောင်လက ဘယ်ညာလက်သီးချက်တွေ ဒူးတိုက်ချက်တွေနဲ့ အားပြင်းပြင်းနဲ့ တရစပ် ထိုးသတ်ခဲ့ရမှာ  ပထမအချီ ၁ မိနစ် ၄၂ စက္ကန့်မှာပဲ  ဒိုင်ပွဲ ရပ်နဲ့‌ အောင်လအန်ဆန်က အနိုင်ရသွားတာပါ။ 

ပွဲအပြီးမှာ အောင်လအန်ဆန်းက  အသက် ၃၈ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ လေ့ကျင့်ဖော် MMA ဖိုက်တာ အန်သိုနီရမ်ဘယ်ဂျွန်ဆင်ရဲ့ ဓာတ်ပုံကိုကိုင်ပြီး အမှတ်ရအောက်မေ့စကားပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဘုရားသခင်ကျေးဇူးတင်တဲ့အကြောင်း၊ ONE Championship ပြိုင်ပွဲစီစဉ်သူတွေ၊  လေ့ကျင့်ဖော်တွေ၊ မြန်မာနိုင်ငံက အားပေးသူတွေနဲ့ စင်ကာပူက အားပေးသူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းလည်းပြောပါတယ်။ 

အောင်လအန်ဆန်းက “ကျနော် တခုထပ်ပြောစရာရှိပါတယ် - မြန်မာ - မြန်မာပြည်သူတွေအတွက် ကျနော် ဆုတောင်းပေးနေပါတယ်။ သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကျနော်တို့ အရမ်းကို အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကျနော်အားလုံးကိုချစ်ပါတယ်။  ကျနော်တို့ နိုင်ငံအတွက် ခက်ခဲခဲ့ပါတယ်။ ကျနော် အားလုံးအတွက် ဆက်ပြီး ဆုတောင်းပေးချင်ပါတယ်။ ကျနော် အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှစ်ဆုလုံးကို လက်လွှတ်ဆုံးရှုံးထားခဲ့ရတဲ့ အောင်လအန်ဆန်ဟာ စိန်ခေါ်လာရင် ဘယ်သူ့ကိုမဆို ထိုးသတ်ဖို့ အဆင်သင့်ပဲလို့လည်း ပွဲအပြီးမှာ ပြောသွားပါတယ်။

ဒီကနေ့ပွဲစဉ်မှာ အနိုင်ရသွားတဲ့အတွက် အောင်လအန်ဆန်ဟာ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် ပြန်လည်စိန်ခေါ်ထိုးသတ်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up