အမေရိကန်နှင့် တရုတ် ကာကွယ်ရေးဝန်ကြီး ၂ ဦး တွေ့ဆုံ

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေ့ဖှန်င် တို့ဟာ နိုဝင်ဘာ ၂၂ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်)မှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးရဲ့ ပြင်ပအချိန်မှာ တွေ့ဆုံခဲ့ကြပြီး အကျပ်အတည်းရှိချိန် ထိထိရောက်ရောက် ဆက်သွယ်ရေးတွေ ကောင်းမွန်ဖို့လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
တရုတ်စစ်လေယာဉ်တွေရဲ့ ‘အန္တရာယ်များတဲ့’ အပြုအမူနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ တရုတ်နဲ့ အမေရိကန် စစ်တပ်အကြီးအကဲတွေဟာ အကြမ်းဖျင်း မိနစ် ၉၀ လောက် တွေ့ဆုံခဲ့ကြတာပါ။
အော်စတင်နဲ့ ဝေ့ဖှန်င်တို့ဟာ ထိုင်ဝမ်အကြောင်း ရှည်ရှည်လျားလျား ဆွေးနွေးခဲ့ကြပြီး ဩဂုတ်လတုန်းက အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီရဲ့ ခရီးစဉ်အပြီးမှာ ဖျက်သိမ်းခဲ့တဲ့ ယန္တရားတချို့ကို လာမယ့်လတွေမှာ ပြန်စတင်ဖို့လည်း ဆွေးနွေးခဲ့ကြောင်း အမည်မဖော်လိုသူ အကြီးတန်း အမေရိကန်ကာကွယ်ရေးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။
“တရုတ်နဲ့ အမေရိကန် စစ်တပ် ၂ ခုဟာ ကွဲပြားမှုတွေကို ကောင်းစွာကိုင်တွယ်သင့်ပြီး သူတို့ရဲ့ ဆက်ဆံရေးကို ယေဘုယျအားဖြင့် တည်ငြိမ်အောင် အကျပ်အတည်း စီမံခန့်ခွဲမှုကို အားကောင်းစေသင့်ကြောင်း တရုတ်နဲ့အမေရိကန် ကာကွယ်ရေးအကြီးအကဲတွေဟာ အင်္ဂါနေ့က တွေ့ဆုံမှုမှာ သဘောတူခဲ့ကြတယ်” လို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထန့်ကေဖှေးက ပြောပါတယ်။
“တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ လက်ရှိအခြေအနေအတွက် တရုတ်မှာ တာဝန်မရှိကြောင်းနဲ့ အဓိကအကြောင်းရင်းကတော့ အမေရိကန်က ဗျူဟာမြောက် မှားယွင်းတဲ့ စီရင်ချက်ချခဲ့လို့ဖြစ်ကြောင်း” တန်က ပြောကြားခဲ့ပါတယ်။
“နှစ်နိုင်ငံ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ Win-Win ပူးပေါင်းဆောင်ရွက်ရေးတို့ကို လိုက်နာဆောင်ရွက်သင့်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးဟာ မယိမ်းမယိုင်၊ ရပ်တန့်ခြင်းမရှိဘဲ မှန်ကန်တဲ့လမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ ၂ နိုင်ငံလုံးက ပူးတွဲအာမခံပေးရမှာဖြစ်ကြောင်း” တန်က ပြောကြားခဲ့ပါတယ်။